ကနီနယ်က ဝင်မနား နယ်မြေရဲစခန်းတိုက်ပွဲ စစ်တပ်ဘက်က ရဟတ်ယာဥ်တွေအသုံးပြုရ

စက်တင်ဘာ ၁၃ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကဲ့တဖက်ကမ်း ဝင်းမနား နယ်မြေရဲကို အခုလ ၁၁ ရက်နဲ့ ၁၂ ရက် နေ့ခင်းပိုင်းက ဝင်ရောက်တိုက်ခိုက်တာတွေရှိပြီး တိုက်ခိုက်တဲ့အဖွဲ့ဘက်က လူအင်အား ၁ ထောင်ဝန်းကျင်ရှိတဲ့အတွက် လေကြောင်းကနေ ရဟတ်ယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကနီနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ၁၁ ရက်နေ့ ရာသီဥတုမကောင်းဘူး မိုးရွာတော့ ပစ်ခတ်တာတွေ အချိန်ကြာကြာ မဖြစ်လိုက်ဘူး ၊ မနေ့ကတော့ မနက် ၈ နာရီလောက်မှာ တကြိမ်ဖြစ်တယ် ရဲစခန်းကို ဝိုင်းတိုက်တဲ့သူ လူ ၃ ရာလောက်ပဲရှိတယ် ၊ အထက စာသင်ကျောင်းထဲမှာ လူပြန်စုတော့ နေခင်း ၁၂ နာရီလောက်မှာ လူ ၅ ရာလောက်ဖြစ်လာပြီး ၁၂ ခွဲလောက်မှာ ပြန်ပစ်ကြပြန်တယ် ၊ ၂ ဖက် ပစ်ခတ်ချိန် ၁ နာရီလောက်အကြာမှာ ဝင်းမနားရွာဘက်ကို ရဟတ်ယာဥ် ၁ စီး ရောက်လာပြီး လေကြောင်းကနေ ပစ်တယ် ၊ အဲ့ဒီ အချိန်မှာ ရဲစခန်းကို ဝိုင်းထားတဲ့ လူတွေက ၁ ထောင်ကျော်လောက်ရှိနေပြီ ၊ ၂ ဖက် ပစ်ခတ်တာတွေ အရှိန်အရမ်းကောင်းနေတဲ့အချိန် နောက်ထပ် ရဟတ်ယာဥ် ၁ စီး ရောက်လာပြီး ထောက်ကြံအိုင်ရွာဘက် ဆင်းပြီး လူနဲ့ လက်နက်တွေ လာဖြည့်တယ်ထင်တယ် ရဲစခန်းဝိုင်းထားတဲ့ လူတွေဟာ ဆုတ်သွားခဲ့တာ ” လို့ ရွာခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ကနီမြို့နယ် ကောင်စီရုံး တာဝန်ရှိသူ တစ်ဦး ဖြေကြား ပြောတာက ” ဝင်းမနား နယ်မြေရဲစခန်းကို လူ ၁ ထောင်ဝန်းကျင်က စခန်းရဲ့ လေးဘက် လေးနေရာကနေ ဝိုင်းပြီး လက်နက်ငယ်တွေ ၊ လက်လုပ် စိန်ပြောင်းတွေနဲ့ ပစ်တာရှိတယ် ၊ ကျဆုံးမှု မရှိဘူး ” လို့ ပြောပါတယ်။
 
အဲ့ဒီ တိုက်ခိုက်မှုမှာ ၂ ဖက် ထိခိုက်ဒဏ်ရာရသူ တချို့ ရှိတယ်လို့ ကြားသိရပေမယ့်၊ လူဘယ်လောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ အရေးအတွက်ကို VOM က အတည်ပြုနေဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ကနီ #ဝင်းမနား

Related posts

Leave a Comment

VOM News

FREE
VIEW