ဂျပန်ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ခရုဇ်ဒုံးပျံသစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ စက်တင်ဘာ-၁၃-၂၀၂၁
မျိုးဆက် (VOM)
 
မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ခရုဇ်ဒုံးပျံသစ်တစ်မျိုးကို စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
စက်တင်ဘာ ၁၂ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ အဲဒီခရုဇ်ဒုံးပျံသစ်ဟာ မိုင်ပေါင်း ၉၃၀ ကျော်ထိ ရောက်ရှိခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနကပြောပါတယ်။
 
ဒီလိုစမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ အဟန့်အတားတစ်ခုဖြစ်ပြီး ရန်လိုတဲ့ပြည်ပအင်အားစုတွေရဲ့ လုပ်ရပ်တွေကို ထိရောက်စွာထိန်းချုပ်ဖို့ မဟာဗျူဟာမြောက် အရေးပါကြောင်း ကေစီအင်န်အေသတင်းဌာနက ဆိုပါတယ်။
 
ဒါဟာ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသော မြောက်ကိုရီးယား၏ ပထမဆုံး တာဝေးခရုဇ်ဒုံးပျံဖြစ်တယ်လို့ မြောက်ကိုရီးယားအရေးလေ့လာသူ အန်ကစ်ပန်ဒါက ပြောပါတယ်။
 
မြောက်ကိုရီးယားရဲ့ ခရုဇ်ဒုံးပျံစမ်းသပ်တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ကတ်ဆူနိုဘူကာတိုက ထုတ်ဖော်ပြောကြားထားပြီး အခြေအနေကို အမေရိကန် ၊ တောင်ကိုရီးယားတို့နဲ့ အနီးကပ် စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
 
မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုပြုတာဖြစ်တယ်လို့ အမေရိကန်ဘက် ဝေဖန်ပြောဆိုထားပါတယ်။
 
Ref: BBC
Photo: KCNA
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW