နမ်တောဒေသမှာ ရွှေမျောလုပ်ကွက်နဲ့ နှစ်ရှည်ပင်လုပ်ကွက်အငြင်းပွားမှုပြဿနာ ဖြေရှင်းပေးဖို့လိုအပ်နေ

စက်တင်ဘာ ၁၄-၂၀၂၁
ထွန်းတောက်(VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ်တောဒေသမှာ ရွှေမျောလုပ်ကိုင်တဲ့ ကုမ္ပဏီတွေနဲ့ တပိုင်တနိုင်လုပ်ကိုင်သူတွေအများအပြားရှိနေပါတယ်။

ဒါ့အပြင် အဲ့ဒီရွေမျောလုပ်ကွက်တွေရဲ့ အနီးအနားတွေမှာ နှစ်ရှည်ပင်စိုက်ခင်းလုပ်ကွက်တွေလည်း ရှိနေပါသေးတယ်။

လက်ရှိမှာ ရွှေမျောလုပ်ကိုင်သူတချို့နဲ့နှစ်ရှည်ပင်စိုက်ခင်းလုပ်ကိုင်သူတချို့မှာ လုပ်ကွက်နေရာအငြင်းပွားမှုကြောင့် မကြာခဏဆိုသလို တုတ်၊ ဓားတွေနဲ့ ရန်ပွဲတွေလည်း ဖြစ်ပေါ်နေပါတယ်။

နှစ်ရှည်ပင်စိုက်ခင်းလုပ်ကိုင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၀) ခုနှစ်ကတည်းက လုပ်ပိုင်ခွင့်ရထားပြီး နှစ်စဉ်အခွန်ငွေများပေးသွန်းကာ စိုက်ပျိုးလာခဲ့တာဖြစ်တယ်လို့ စိုက်ခင်းရှင်တဦးကပြောပါတယ်။

အခုလို စိုက်ပျိုးလာခဲ့ရာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ထဲမှာ စိုက်ခင်းတွေအနားကို ရွှေမျောကုမ္ပဏီတွေရောက်လာပြီး မိမိတို့စိုက်ခင်းတွေထဲ ဝင်ရောက်လုပ်ကိုင်လာကြတာကြောင့် စိုက်ပျိုးထားတဲ့ နှစ်ရှည်ရာဘာပင်တွေနဲ့ကျွန်းပင်တွေ ပျက်စီးဆုံးရှုံးကုန်ရတယ်လို့လည်း ပြောပါတယ်။

ရွှေမျောလုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံတော်ကို သတ်မှတ်ထားတဲ့ရွှေချိန်အတိုင်း အခွန်ပေးဆောင်ကာ သက်ဆိုင်ရာက သတ်မှတ်ထားပေးတဲ့အတိုင်း လုပ်ကိုင်လာတာဖြစ်ပြီး လက်ရှိအချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေများပြားတဲ့အတွက် အငြင်းပွားနေပေမဲ့လည်း ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အရ ဆက်လက်လုပ်ကိုင်နေတာဖြစ်တယ်လို့ ရွှေမျောလုပ်ငန်းတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလိုလုပ်ကိုင်တဲ့နေရာမှာ နှစ်ရှည်စိုက်ခင်းလုပ်ကိုင်သူတွေနဲ့ မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှုတွေရှိနေတဲ့အတွက် သက်ဆိုင်ရာဌာနတွေအနေနဲ့ အမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း #ရွှေမျော #အငြင်းပွားမှုပြဿနာ

Youtube Link – https://www.youtube.com/watch?v=q1lhmBFxC4c

Related posts

Leave a Comment

VOM News

FREE
VIEW