ကောလင်းမြို့မရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲ အပါအဝင် နေရာတချို့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့

စက်တင်ဘာ ၁၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အဦးနဲ့ နေရာတချို့မှာ မနေ့ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီကျော် အချိန်က ပစ်ခတ်မူတွေ ဖြစ်ခဲ့တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ညက ပစ်ခတ်တာတွေဖြစ်တယ် ၊ ပေါက်ကွဲသံတွေနဲ့ အတွဲလိုက် ပစ်ခတ်သံတွေကြားရတာ ” လို့ ကောလင်းမြို့၊ ကျော်ဇေယျ ၁ ရပ်ကွက်မှာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
ညက ပစ်ခတ်မှုဖြစ်တာတွေနဲ့ ပတ်သက်ပြီး ဒီမနက် နောက်ဆုံး သိရတဲ့အခြေအနေဟာ မနေ့ည ၈ နာရီခွဲခန့်မှာ ကောလင်း၊ ကျော်ဇေယျ ၁ ရပ်ကွက်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး နေရာဖြစ်ပြီး ၊ ၈ နာရီ မိနစ် ၄၀ အချိန် ပစ်ခတ်မှုဟာ ကောလင်းမြို့မရဲစခန်းမှာဖြစ်တယ်လို့ သိရပါတယ်။
 
” သေနတ်တွေကြားရတာက အသံမတူဘူးဆိုတော့ တဖက်နဲ့ တဖက် ပစ်နေကြတယ်ဆိုတာ သိရတယ် ၊ ပစ်ခတ်ချိန် ၄၅ မိနစ် ၁ နာရီးပါးကြာမယ် ” လို့ ကောလင်း မီးရထားဘူတာအနီးမှာနေသူတစ်ဦးက ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး ကောလင်းမြို့နယ် ကောင်စီရုံးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ တာဝန်ရှိသူတစ်ဦးက” ရဲစခန်း အရှေ့ဘက် ခန့်မှန်း ကိုက် ၁ ရာဝန်းကျင်ကနေ ဘဏ်ကို ပစ်တယ် ၊ 40 mm ဗုံးပစ်လောင်ချာ ၊ မောင်းပြန် လက်နက်ငယ်တွေနဲ့ ဖြစ်တယ် ၊ နောက်တကြိမ်က ရဲစခန်း အရှေ့တောင်ဘက် ရထားသံလမ်းဘက်ကနေ ရဲစခန်းကို ပစ်တာဖြစ်တယ် ၊ ထိခိုက် ကျဆုံးတာ မရှိဘူး ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အခုလ ၈ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်းထဲက ရဲစခန်းတချို့ ပစ်ခတ်ခံရတာတွေဖြစ်ပေါ်နေပြီး ဝက်လက်မြို့နယ် ရွှေပန်းကုံးနယ်မြေရဲစခန်း ၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်း ၊ ကနီမြို့နယ် ဝင်းမနား ရဲစခန်း အပါအဝင် ဟုမ္မမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းတို့မှာလည်း ဗုံးနဲ့ ပစ်ခံရတာတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကောလင်း #ပစ်ခတ်မူ

Related posts

Leave a Comment

VOM News

FREE
VIEW