မကွေးတိုင်းပညာရေးမှူးရုံး နဲ့ ပြည်ခိုင်ဖြိုးပါတီရုံးအနီးဗုံးပေါက် ၂ ဦးဒဏ်ရာရရှိ

ရန်ကုန်၊စက်တင်ဘာ ၁၄-၂၀၂၁
KK(VOM)
 
မကွေးမြို့က တိုင်းဒေသကြီးပညာရေးမှူးရုံးနဲ့ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးမှာ ဒီကနေ့မနက်ပိုင်းကဗုံးပေါက်ကွဲခဲ့လို့ အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ဒီကနေ့မနက် ၈နာရီလောက်မှာ မင်းကံကြီးရပ်ကွက်မှာရှိတဲ့ တိုင်းဒေသကြီးပညာရေးမှူးရုံးနဲ့ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်၊ ရုံးအနီးကွမ်းယာရောင်းနေတဲ့ဆိုင်က ကလေးငယ်တစ်ဦးနဲ့ပန်းရံအလုပ်သမားတစ်ဦး ထိခိုက်ခဲ့တယ်၊ မနက်ပိုင်းက အထုပ်တစ်ထုပ်လာပစ်သွားတယ်၊ အဲ့ဒီကနေ ပေါက်ကွဲတာ၊ဗုံးစမှန်တဲ့ ကလေးက အသက်သုံးနှစ်ပဲရှိသေးတယ်၊ နောက်တစ်ယောက်က ပန်းရံလုပ်တာ နှစ်ဦးဒဏ်ရာရတယ်”လို့ မင်းကံကြီးရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ မကွေးမြို့ဝင် မြို့ထွက်အားလုံး ပိတ်ထားလိုက်ပြီး လမ်းတွေပေါ်ကယာဥ်တွေကို ရပ်တန့်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်လည်း မကွေးမြို့နယ်၊ ရန်မျိုးနိုင်ရပ်ကွက်က ဝေယံဘုံမြင့်ဘုန်းကြီးကျောင်းအနီးက Mytelတာဝါတိုင်မှာ ဗုံးပေါက်ခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက် မနက်ပိုင်းကလည်း မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #မကွေး

Related posts

Leave a Comment

VOM News

FREE
VIEW