ရွှေဘိုမြို့နယ်မှာ စွန့်ပစ်ရုပ်အလောင်းတွေ့ရှိရတာတွေ ဆက်တိုက်ဖြစ်ပေါ်နေ

စက်တင်ဘာ ၊ ၁၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာ အခု စက်တင်ဘာလအတွင်း စွန့်ပစ်ထားတဲ့ လူသေရုပ်အလောင်းတွေ့ရှိရတာ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” လူမသိ သူမသိ အသတ်ခံရပြီး စွန့်ပစ်ထားတဲ့ လူသေရုပ်အလောင်းတွေ့ရှိရတာဟာ အခုလ ၁၀ ရက်ဝန်းကျင်မှာ ၅ ကြိမ်ထက်မနည်းရှိတယ် “လို့ ရွှေဘိုမြို့ခံ အငြိမ်းစား ရဲဝန်ထမ်းဟောင်းတစ်ယောက်က ပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ရွှေဘိုမြို့နယ် ၊ ဥသျှစ်ကန်ကျေးရွာရဲ့အနောက်ဘက် ကျွန်းတောအတွင်းမှာ ပီနံအိတ်နဲ့ထည့်ပြီး စွန့်ပစ်ထားတဲ့ အမျိုးသား ရုပ်အလောင်း တစ်လောင်းတွေ့ရတယ်လို့ သိရပါတယ်။
 
အဲ့ဒီ တွေ့ရှိရတဲ့ရုပ်အလောင်းဟာ နဖူးဆံစပ်ဖုယောင် ဒဏ်ရာ ၊ မေ့စေ့ ပြတ်ရှဒဏ်ရာ ၊ ဘယ်ဘက်လက် တံတောင် ထိုးသွင်းဒဏ်ရာ ၊ ရင်ညွှန့်အောက် / အထက် နေရာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေပြီး အဝါရောင် ပီနံအိတ်နဲ့ အဲ့ဒီ ရုပ်အလောင်းကိုထည့်ကာ စွန့်ပစ်ထားတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် အခုလ ၉ ရက်နေ့ကလည်း ရွှေဘိုမြို့ ရန်ကြီးအောင်နယ်မြေ အမှတ် ၄ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် မိတ်ကပ်ပညာရှင် ကိုမြင့်မြတ်အောင် ခေါ် ပိုပိုဟန် ဆိုသူဟာ လည်ပင်းညှစ်ခံထားရတဲ့ဒဏ်ရာ ၊ ဘယ်ဘက်လက်ဖျံညိုမဲ ဒဏ်ရာ ၊ ဘယ်ဘက်ခြေကျင်းဝတ် ညိုမဲဒဏ်ရာတွေနဲ့ သေဆုံးနေပြီး အဲ့ဒီ ရုပ်အလောင်းကို ဦးခေါင်းမှာ ကားတာယာကွင်းစွပ်ပြီး ရေအိုင်တစ်ခုထဲမှာ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရတဲ့ဖြစ်စဥ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။
 
” လူသေ အလောင်းတွေ့ရတာတွေရှိတယ် ၊ တွေ့ရတဲ့ အချက်အလက်အပေါ်မူတည်ပြီး လူသတ်မှုနဲ့ အမှုဖွင့် ဆောင်ရွက်ထားတာရှိသလို တချို့တွေ့ရတဲ့ အလောင်းတွေကြတော့ သေမှုသေခင်းဖွင့် စစ်ဆေးနေဆဲဖြစ်တယ် ” လို့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့ရုံး ရဲဝန်ထမ်းတစ်ယောက်က VOMကို ပြောပါတယ်။
 
အဲ့ဒီလို လူသေအလောင်းတွေ တွေ့ရှိရတာဟာ ရွှေဘိုတစ်မြို့ထဲတင် မဟုတ်ဘဲ ရွှေဘိုခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ဝက်လက် ၊ ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည်နဲ့ ခင်ဦးမြို့နယ်ဘက်က ကျေးရွာတချို့ဘက်မှာ တွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။
 
တွေ့ရတဲ့ ရုပ်အလောင်းအများစုဟာ ကျည်ဆံဖောက်ဝင်ဒဏ်ရာ ၊ ပြတ်ရှ ထိုးသွင်းဒဏ်ရာ နဲ့ ဖုယောင်ညိုမဲ ဒဏ်ရာတွေကြောင့် သေဆုံရသူတွေဖြစ်ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတာကို VOM ကသီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
#voiceofmyanmar #VOM #ရွှေဘို #စွန့်ပစ်ရုပ်အလောင်း

Related posts

Leave a Comment

VOM News

FREE
VIEW