လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အရောင်းအဝယ်မဖြစ်လို့အခက်တွေ့နေတဲ့ သင်ဖျာလုပ်ငန်းများ

စင်တင်တာ ၁၅-၂၀၂၁
ထွန်းတောက်(VOM)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရင်မောင်တိုင်၊ ဘုတ်စု၊ လင်းစားကျက်၊ သူဌေးကုန်း စတဲ့ကျေးရွာပေါင်း (၁၀) ရွာကျော်မှာ သင်ဖျာရက်တဲ့လုပ်ငန်းကို ရွာလုံးကျွတ်နီးပါးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ကာလတွေမှာ ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ အရောင်းအဝယ် အသင့်အတင့်ရှိနေသေးပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ အရောင်းအဝယ်တွေ တဖြည်းဖြည်းနည်းပါးလာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဒေသမှာ သင်ဖျာလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတခုလို လုပ်ကိုင်နေကြတာဖြစ်ပြီး လိုအပ်တဲ့ကုန်ကြမ်း သင်ပင်တွေကို စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္ဓီးဘက်ကနေ မှာယူလုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။

သင်ဖျာတချပ်ကို ရင်းနှီကုန်ကျစရိတ်အနေနဲ့ (၇၅၀၀) ကျပ်ဝန်းကျင်ရှိပြီး အရောင်းအဝယ်ပုံမှန်ရှိနေတဲ့ကာလတွေမှာ သင်ဖျာတချပ်ကို (၈၅၀၀) ဝန်းကျင်နဲ့ပြန်လည်ရောင်းချရပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် အရောင်းအဝယ်နည်းပါးလာရာကနေ စက်တင်ဘာလဆန်းပိုင်းလောက်မှာ လမ်းပန်းဆက်သွယ်ရေးတွေပိုမိုခက်ခဲလာပြီး အရောင်းအဝယ်လုံးဝရပ်ဆိုင်းသွားတဲ့အခြေအနေအထိ ဖြစ်လာခဲ့တယ်လို့ သင်ဖျာရက်လုပ်သူတွေကပြောပါတယ်။

လက်ရှိမှာ ကုန်ကြမ်းကြိုဝယ်ထားသူတွေက လုပ်ငန်းဖြစ်ရုံရက်လုပ်နေကြပြီး အရင်က (၈၅၀၀) တန်ဖျာတချပ်ကို (၆၀၀၀) နဲ့တောင်ဝယ်မဲ့မရှိဖြစ်နေတဲ့အပြင် သင်ဖျာလုပ်ငန်းလုပ်ကိုင်သူတွေထဲမှာ ကိုယ်ပိုင်အရင်းအနှီးမရှိသူတွေအနေနဲ့ အရင်းအနှီးထုတ်နိုင်သူတွေဆီက ကြိုတင်ငွေယူပြီး လုပ်ကိုင်နေရသူတွေလည်းရှိနေပါတယ်၊

လက်ရှိမှာ အရောင်းအဝယ်တွေလုံးဝမဖြစ်တဲ့အတွက် အရင်းအနှီးကြိုထုတ်ပေးသူတွေကလည်း မပေးတော့တာကြောင့် ကိုယ်ပိုင်အရင်းအနှီးမရှိသူတွေမှာ အလုပ်လက်မဲ့နဲ့စားဝတ်နေရေးတွေ ပိုမိုကျပ်တည်းလာကြတယ်လို့ ဆိုကြပါတယ်၊

အဲ့ဒီဒေသတွေမှာ တခြားအလုပ်အကိုင်တွေရှားပါးပြီး သင်ဖျာလုပ်ငန်းတစ်ခုထဲကိုသာ အဓိကအားထားနေကြတဲ့အတွက် အခုလိုအရောင်းအဝယ်မဖြစ်တဲ့ကာလတွေ ရှည်ကြာလာရင် စားဝတ်နေရေးတွေ ပိုမိုကျပ်တည်းလာမှာကို စိုးရိမ်နေကြတာာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #သင်ဖျာလုပ်ငန်း

Youtube Link – https://youtu.be/VQmla656MOo

Related posts

✕
VOM News

FREE
VIEW