မုံးကိုးက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးဒုက္ခသည် ၃၀ ကျော် COVID-19ပိုး တွေ့ရှိ

စက်တင်ဘာလ ၁၅၊ ၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့က စစ်ရှောင်စခန်း နေရာ(၃)နေရာက စစ်ဘေးဒုက္ခသည် ၃၇ ဦးမှာ COVID-19 ရောဂါပိုးကူးစက်ခံနေရတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိတစ်ဦးက ပြောပါတယ်။
 
“ဘုရားကျောင်းဝင်းမှာ ၂၄ ဦး၊ ဘုန်းကြီးကျောင်းမှာ ၁ ဦး၊ ဟို အရင်တုန်းက MDA ဌာနချုပ်ရုံး အဟောင်းမှာ ၂ ဦး စုစုပေါင်း ၂၇ ဦး စစ်ဘေးဒုက္ခသည်တွေနေတဲ့ နေရာ သုံးနေရာက အဲ့ဒီလို ပိုး စစ်ဆေးတွေ့ရှိတယ်။ အခု ပိုးတွေ့ရှိတဲ့သူတွေအားလုံးကို ဆေးရုံပို့ထားလိုက်ပါပြီ။” လို့ စစ်ဘေးဒုက္ခသည်တွေကို စီမံကွပ်ကဲနေသူ တာဝန်ရှိတစ်ဦးက ပြောပါတယ်။
 
စက်တင်ဘာ ၁၃ ရက်နေ့က ဖျားနာသူ ၆ ဦး စစ်တဲ့ထဲက ၅ ဦးမှာ ပိုးတွေ့ရှိလို့ အနီးကပ်ထိစပ်သူ ၁၁ ဦးကို ပြန်လည် စစ်ဆေးရာမှာ ၅ ဦး ထပ်မံတွေ့ရှိကာ စုစုပေါင်း ၁၀ ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
စစ်ရှောင်စခန်းအားလုံးကို စက်တင်ဘာလ ၁၄ ရက်နေ့က ဆေးစစ်ပေးချိန်မှာတော့၂၇ ဦး ရောဂါပိုး ပြန်လည် စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ပိုးစစ်ဆေးတွေ့သူ စစ်ဘေးဒုက္ခသည် ၃၇ ဦး ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ရှောင်စခန်းမှာ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ဆေးစစ်‌ပေးရာမှာ ၂ ဦး ကိုတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
 
တရုတ်နိုင်ငံဘက်ခြမ်းမှာ သွားစစ်တဲ့လူနာတချို့ကတော့ ဆေးစစ်ခ အခမဲ့ဖြစ်ပေမယ့် မုံးကိုးပြည်သူ့ ဆေးရုံမှာတော့ တစ်ယောက်ကို ဆေးစစ်ခ တရုတ်ငွေ ယွမ် ၁၀၀ ၊ လက်ရှိ ကာလပေါက်ဈေးနဲ့ ဆိုရင် သုံးသောင္ငးကျော်ခန့် ကုန်ကျစရိတ်တွေကို စစ်ရှောင်ဘက်က ကျခံရတာကြောင့် အခက်အခဲတစ်ခု ဖြစ်နေတယ်လို့ လက်ရှိစစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
မုံးကိုးမှာ နစကတပ်နဲ့ MNDAA တို့အကြား ဩဂုတ်လကုန်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂၉ ရက်နေ့ကစတင်ကာ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ ရွာတွေက အရပ်သားပြည်သူတွေ ၇၀၀ ကျော်ဟာ မုံးကိုးမြို့ပေါ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၊ လီဆူဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ ယာယီရှောင်တိမ်းနေကြရတာဖြစ်ပါတယ်။
 
Photo – စစ်ရှောင်တာဝန်ရှိသူတစ်ဦး (ပုံဟောင်း)
#voiceofmyanmar #VOM #မုံးကို #စစ်ရှောင် #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW