ကမာရွတ်မြို့နယ်မှာ မနေ့ညက အမျိုးသမီးတွေအပါအဝင် လူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

စက်တင်ဘာ ၁၆-၂၀၂၁
GH ( VOM )
 
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ညပိုင်းက လူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ကမာရွတ်မြို့နယ် ၃ ရပ်ကွက် ပေ ၅၀ လမ်းမှာ ဖမ်းခံရသူ ၅ ဦး ၊ ပြည်ရိပ်မွန် အိမ်ရာ ၇ ရပ်ကွက်မှာက ၅ ဦးထက်မနည်း အဖမ်းခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ မိန်းကလေးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
 
ပြည်ရိပ်မွန် အိမ်ရာဝန်းနေထိုင်သူက ” သူတို့ဝင်လာတယ်၊ တိုက် ၂၂ နဲ့ ၂၅ ကို ဝင်ရှာဖွေစစ်တယ်။ ၂၂ အိမ်က ဖမ်းခံရရတယ်။ ၂၅ တိုက်ကတော့ ၁ ယောက်ဖမ်းခံရတယ် ၊ တိုက်၂၂က ကောင်လေးက ကားမောင်းတာ၊ သူ့သူငယ်ချင်းက ညကမှလာလည်ကြတယ်။ အဲ့ဒီအိမ်ကို ဝင်လဲရှာရော အားလုံးဖမ်းခံလိုက်ရတာ ။ည၁၀နာရီကျော်ကတည်းကဝင်ပြီးစစ်တာ ” လို့ ပြောပါတယ်။
 
ဖမ်းဆီးခံလိုက်ရတဲ့ ရပ်ကွက် ၂ ခုကို ည ၁၀ နာရီကျော်လောက်မှာ တစ်ချိန်တည်း ဝင်ရောက်စစ်ဆေးတာတွေလုပ်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
၃ ရပ်ကွက် နေထိုင်သူက ” ပေ၅၀လမ်းထဲကို ဝင်လာပြီး ရွှေမျက်ဝန်းဆိုင် အပေါ်ထပ်က အလွှာကို သော့ဖျက်ပြီးဝင်ရှာတယ်။ နောက်အခန်းတွေစစ်တယ်။ပြီးတော့ အမျိုးသမီးတစ်ဦးကို ဖမ်းသွားတဲ့အသံကြားတယ်။ပြီးတော့ ကောင်လေး ၂ ယောက် ထပ်ဖမ်းတယ်သိရတယ် ။ နောက်စံပယ်လမ်းမှာလည်း ၂ ယောက်ဖမ်းခံရတယ်ကြားတယ်။သူလည်းအမျိုးသမီးတွေပဲတဲ့ ” လို့ ပြောပါတယ်။
 
ညက ကမာရွတ်မြို့နယ်မှာ ဖမ်းဆီးခံလိုက်ရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာ မသိရှိရသေးကြောင်း ၊ ဘာကြောင့် အခုလိုဖမ်းဆီးတယ်ဆိုတာလည်းမသိရှိရသေးဘူးလို့ ရပ်ကွက်နေထိုင်သူတွေကပြောပါတယ်။
 
ပြည်ရိပ်မွန်အိမ်ယာကိုတော့ စစ်ကား ၇စီး၊ အိမ်စီးကား ၂ စီး နဲ့ရောက်လာပြီး အင်အားက ၃၀ နဲ့ ၄၀ ကြားရှိကာ အရပ်ဝတ်နဲ့ လူတချို့လည်း ပါရှိတာကိုတွေ့ရတယ်လို့ ပြောကြပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW