ကျိုက်ထိုက မြို့နယ်ထွေအုပ်စာရေးတစ်ဦး ဖမ်းဆီးခံရပြီး လေးရက်အကြာမှာ သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁
KK(VOM)
 
ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှာ ပြီးခဲ့တဲ့လေးရက်ခန့်က ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ မြို့နယ်ထွေအုပ်စာရေးဟာ ဒီကနေ့မနက်ပိုင်းမှာ သေဆုံးသွားလို့ မိသားစုဝင်တွေကို စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
 
“အဲ့ဒီနေ့က လာဖမ်းတာ သူမိန်းမကို မတွေ့တော့ သူ့ကိုဖမ်းသွားတာ၊ သူနဲ့အတူ ကိုထွန်းလင်းလည်း အဖမ်းခံရတယ်၊ ကိုထွန်းလင်းကပြန်လွှတ်လာတယ် သူကမလွတ်ဘူး၊ လေးရက်ပဲရှိသေးတယ် ဒီနေ့သေပြီဆိုပြီး အကြောင်းကြားတာ”လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။
 
သေဆုံးသူဦးရန်နိူင်ထွန်းဟာ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ရပ်ကျေးစာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်သီတာအေးမှာ ကျိုက်ထိုမြို့နယ်NLDပါတီအလုပ်မှုဆောင်တစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဇနီးဖြစ်သူ ဒေါ်သီတာအေးကို စက်တင်ဘာ ၁၂ရက်နေ့က လာရောက်ဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် ခင်ပွန်းဖြစ်သူ ထွေ/အုပ်စာရေး ဦးရန်နိူင်ထွန်းကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။
 
ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လကစပြီး NLDပါတီဝင်တွေ၊ CDMဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူလူငယ်တွေကို အဓိကထားဖမ်းဆီးလာတာလည်းရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
မေလကစပြီး ကျိုက်ထိုမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီရုံးတွေ၊ ဌာနဆိုင်ရာရုံးတွေ နဲ့ Mytelတာဝါတိုင်တွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြည်ခိုင်ဖြိုးပါတီဝင်တွေ နဲ့ ရဲသတင်းပေးဆိုသူတွေလည်း သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ကျိုက်ထို

Related posts

Leave a Comment

VOM News

FREE
VIEW