စစ်ကိုင်းတိုင်းမှာ ရဲဝန်ထမ်းတွေတင်မက ရဲမိသားစုဝင်တချို့ပါ သတ်ဖြတ်ခံရတာတိုးလာ

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ကိုးတောင်ဘို့ စံပြကျေးရွာ ကွက်သစ်ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၁၅ ရက် မနက်အစောပိုင်း ၁ နာရီမထိုးခင် အချိန်မှာ ရဲတစ်ယောက်ရဲ့ မိသားစုနေအိမ်ကို သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် လူ ၁ ဦး ကျည်ဆံထိမှန် သေဆုံးသွားတယ်လို့ ကိုးတောင်ဘို့ ဒေသခံတွေရဲ ပြောပြချက်အရ သိရပါတယ်။
 
” ညက ကွက်သစ်ရပ်ကွက်ဘက်မှာ သေနတ်သံကြားရတယ် ၊ ဒီ မနက် မိုးလင်းတော့ သိရတာက ရဲမိသားစု အိမ်ကိုပစ်ခံရတာဖြစ်ပြီး ရဲ အဖေသေတာ ” လို့ ကိုးတောင်ဘို့ ရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ် ချပ်သင်းနယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ဦးရဲ့ အဖေဖြစ်သူ ဦးကျော်စွာထွန်း အသက် ၄၃ နှစ်ဆိုသူဟာ ဦးခေါင်း ညာဘက်ခြမ်းမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာရပြီး အဲ့ဒီ နေရာမှာတင် သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေ အပြောအရသိရပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့ ၊ စျေးရုံဗိုလ်တဲရပ်ကွက် ၊ ရွှေမင်းဝံလမ်းမှာနေတဲ့ ရဲဝန်ထမ်း အငြိမ်းစား တစ်ဦးရဲ့ နေအိမ်ကို မနေ့ စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က သေနတ်နဲ​့ပစ်ခတ်ခံရတာတွေဖြစ်တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲဒီ ပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး ကောလင်းမြို့ခံ တစ်ယောက် ပြောတာက
” ရဲအရာခံ အငြိမ်းစား ဦးစိန်သောင်းရဲ့ အိမ်ကို သေနတ်နဲ့ ၃ ချက် ပစ်ခံရတာပါ ၊ အိမ်ရှင် ဦးစိန်သောင်းက အိမ်ရှေ့က အုတ်ရေကန်မှာ ရေချိုးနေတုန်း ပစ်တာပါ ၊ ကျည်ဆံတွေက အဲ့ဒီနားက သရက်ပင်က ကိုင်းတွေကို ထိမှန်တယ် ၊ နောက်ပြီး သူ့ရဲ့ အိမ်က တံခါးကို မှန်တယ် ၊ ဦးစိန်သောင်းကိုယ်တော့ ထိမှန်တာ မရှိဘူး ၊ သူက အသက်ကြီးပြီ ၊ အသက် ၆၀ ကျော် ပင်စင်စားကြီးတစ်ဦး ” လို့ ပြောပါတယ်။
 
အခု စက်တင်ဘာလ ၆ ရက်နေ့ မနက် အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာမှာ ဒုရဲအုပ် ၁ ဦးရဲ့ မိဘတွေဖြစ်တဲ့ ဦးခင်မောင်အေး အသက် ၄၇ နှစ် နဲ့ ဒေါ်မူမူဝင်း အသက် ၃၃ နှစ် ဆိုသူ ၂ ယောက်ဟာ နေအိမ်မှာ အိပ်နေတုန်း ဓားနဲ့ ခုတ်ခံရတဲ့အတွက် အဲ့ဒီ လူ ၂ ဦးစလုံး နေရာမှာတင် သေဆုံးခဲ့ရပါသေးတယ်။
 
ဒါ့အပြင် အခုလ ၅ ရက် ညနေပိုင်းကလည်းစစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင်ရပ်ကွက် ၊ စျေးသစ်တောင်ဘက်လမ်းထဲမှာ တန့်ဆည်မြို့မရဲစခန်းက နယ်ထိန်း ရဲ ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။
 
အဲ့ဒါကြောင့် အခုလ ၅ ရက်ကနေ ၁၀ ရက်အတွင်း စစ်ကိုင်းတိုင်းထဲမှာ ရဲဝန်ထမ်း ၂ ဦး နဲ့ ရဲ မိသားစု ၃ ဦး သတ်ဖြတ်ခံရပြီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ရဲမိသားစုတချို့ ရှိလာတာဖြစပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ရဲမိသားစုဝင
 
ပုံစာ ၊ စစ်ကိုင်းတိုင်းမှာ မြင်တွေ့ရတဲ့ ရဲဝန်ထမ်းများပုံ

Related posts

Leave a Comment

VOM News

FREE
VIEW