ထီးလင်းမှာ သတင်းပေးသူလို့ နာမည်ထွက်နေသူ ၅ ဦးထက်မနည်း ၂၄ နာရီအတွင်း အသတ်ခံရ

စက်တင်ဘာ ၁၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်ကြားက ကျေးရွာတွေမှာ သတင်းပေးလို့ နာမည်ထွက်နေတဲ့ ရွာခံ လူ ၅ ထက်မနည်း မနေ့ စက်တင်ဘာ ၁၅ ရက်ညပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ထီးလင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” သေနတ်နဲ့ ပစ်ခံရလို့ သေတယ်လို့ကြားရတာက ကန်စွန့်ထောင့်ရွာက ၁ ယောက် ၊ ညောင်ကန်ရွာက အမျိုးသမီး ၁ ယောက် နဲ့ အကြည်ဝါးဘင်းရွာက ၄ ယောက်လို့ ဒီမနက်မှာ ကြားရတယ် ” လို့ ထီးလင်းနယ်ခံ တစ်ယောက်က ပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၁၅ ရက်ညပိုင်းက ထီးလင်းမြို့နယ် အကြည်ဝါးဘင်းကျေးရွာက ဦးသော်မင်း ဆိုသူရဲ့ နေအိမ်မှာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး အိမ်ရှင် ဦးသော်မင်း၊ အသက် ၃၈ နှစ်ဟာ ကျည်ဆံထိမှန်
ကာ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။
 
ဒါ့အပြင် ဦးသော်မင်းနဲ့အတူရှိနေတဲ့ ဦးဌေးအောင် ၊ ကိုအောင်ညီဟိန်း နဲ့ ကိုမင်းဝေဦး ဆိုတဲ့ လူ ၃ ယောက်ကလည်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နေရာမှာတင် သေဆုံးတဲ့သူတွေရှိသလို ကိုမင်းဝေဦး ဆိုသူကတော့ ကျည်ဆံထိမှန် ဒဏ်ရာနဲ့ ထွက်ပြေးသွားပေပြီး အသက်သေဆုံးနိုင်တယ်လို့ ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
” သေနတ်နဲ့ ပစ်ခံရတဲ့ ဦးသော်မင်းက ပြည်ခိုင်ဖြိုး ပါတီဝင် ဖြစ်တယ် ၊ သူ့အမေက အသက် ၉၀ ကျော် အငြိမ်းစား ကျောင်းဆရာမကြီးဖြစ်တယ် ” လို့ အကြည်ဝါးဘင်းရွာခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် မနေ့ စက်တင်ဘာ ၁၅ ရက်က ထီးလင်းမြို့နယ်၊ ညောင်ကန်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးသီဟ ဆိုသူဟာ သူ့ရဲ့ကားနဲ့ ရွာက လက်ကျိုးလူနာ အမျိုးသမီးကို ထီးလင်းဆေးရုံမှာပြသပြီး ပြန်လာချိန် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဦးသီဟဆိုသူ လက်မောင်းကျည်ဆံထိမှန် ဒဏ်ရာရပြီး ကားနောက်ခန်းမှာ လိုက်ပါလာတဲ့ အသက် ၅ဝ နှစ် အမျိုးသမီးလူနာကတော့ ရင်ဝ ကျည်ဆံမှန်ပြိး ကားပေါ်မှာတင် သေဆုံးခဲ့တယ်လို့ ညောင်ကန်ရွာခံတွေရံပြောပြချက်အရ သိရပါတယ်။
 
” သတင်းပေးတဲ့သူကို လူကြီးတွေက ဆုငွေထုတ်ပေးမယ်လို့ သတင်းတွေ ထွက်လာပြီး နောက်ပိုင်းမှာ အခုလို လူတွေသတ်ခံရတာပါ ၊ အရင်က လူသတ်တာတွေရှိတယ် ၊ အဲ့ဒီတုန်းက ထွေ/အုပ်ဝန်ထမ်း အုပ်ကြီးတွေနဲ့ စာရေးတွေလောက်ပဲ အသတ်ခံရတာ ၊ အခုနောက်ပိုင်းကတော့ သတင်းပေးလို့ အမည်ထွက်ရင် အသတ်ခံရတာပဲ ” လို့ ထီးလင်းမြို့နယ် ဆေးမင်းတောရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒါကြောင့် မနေ့က ၁ ရက်ထဲမှာ ထီးလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက ရွာခံလူ ၅ ဦးထက်မနည်း အသတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ သေဆုံးသူတွေဟာ သတင်းပေးသူတွေ ဟုတ်တယ် မဟုတ်ဘူးဆိုတာ VOM က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
 
ဒါ့အပြင် အဲ့ဒီ ပစ်ခတ်သေဆုံး ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ ဂန့်ဂေါခရိုင်ကောင်စီရုံးကို မေးမြန်းနိုင်ဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
ဒါ့အပြင် စက်တင်ဘာ ၁၄ ရက် ညပိုင်းကလည်း ထီးလင်းမြို့နယ်၊ ကန်စွန်းထောင့်ကျေးရွာက အသက် ၁၈ နှစ်အရွယ် လူငယ် ၁ ဦးဟာ နေအိမ်မှာ အိပ်ပနေတဲ့အချိန် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ထီးလင်း

Related posts

Leave a Comment

VOM News

FREE
VIEW