ရခိုင်က ဆန္ဒပြ သမဂ္ဂကျောင်းသား (၄) ဦးကို ထောင်ဒဏ် (၂) နှစ်နဲ့ (၆) လချမှတ်

စစ်တွေ၊ စက်တင်ဘာ ၁၆- ၂၀၂၁
ထက်အောင်စိုင်း(VOM)
 
ရခိုင်က ဆန္ဒပြ သမဂ္ဂကျောင်းသား (၄) ဦးကို ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၁၀ နာရီလောက်က Video Conferencing စနစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး တစ်ဦးစီကို ထောင်ဒဏ် (၂) နှစ်နဲ့ (၆) လ ကျခံစေဖို့ တရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
 
သူတို့ကို တရားစွဲဆိုထားတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် (၂) နှစ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၉ အတွက် ထောင်ဒဏ် (၆) လ ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုတိုးတိုးအောင်က “ သူတို့ကို တစ်ယောက်စီ ထောင်ဒဏ် (၂) နှစ်နဲ့ (၆) လစီချလိုက်တယ်လို့ သိရပါတယ်။ ဒါက တမင်သက်သက် မတရားဖိနှိပ်တာလို့ မြင်ပါတယ်။ ထောင်ထဲကလူတွေကိုလည်း သူတို့ဝန်မခံသရွေ့ ဒီအမှုကို အမိန့်မချပဲထားမယ့် ပုံစံမျိုးလုပ်ထားပုံ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ခံလာတဲ့အထိ အချိန်ဆွဲဆန့်ပြီး စောင့်နေတာလို့ထင်တယ်။ ပြီးတော့ ဒီနေ့ ရုံးထုတ်တဲ့အခါမှာ ကျနော်တို့ကိုလည်း ဝင်ခွင့်မပြုဘဲ ရဲအင်အားအလုံအလောက်ချပြီး ဒီအမှုကိုဆုံးဖြတ်လိုက်တယ်။ ပွင့်လင်းမြင်သာမှုလည်းမရှိလို့ မြင်ပါတယ်။ ” လို့ ပြောပါတယ်။
 
ဒီလိုမျိုးကျောင်းသားတွေကို ထောင်ဒဏ်အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး အယူခံတက်စရာမရှိကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောပါတယ်။
 
“ ကျနော်တို့အနေနဲ့တော့ ဒီကိစ္စကို လုံးဝတ်မကျေနပ်ဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့ ရဲဘော်တွေကတော့ ဘယ်သူမှ အယူခံမဝင်တော့ပါဘူး။ ကျနော်တို့အနေနဲ့လည်း သူတို့ သက်သက်ညစ်တာဖြစ်လို့ အယူခံဝင်စရာလည်းမလိုပါဘူး။ အခုလို လုပ်တဲ့အပေါင်းအပါတွေအနေနဲ့ တရားမျှတမှုရှိလား စဉ်းစားသင့်တယ်။” လို့ ကိုတိုးတိုးအောင်က ပြောပါတယ်။
 
ယနေ့အမိန့်ချခံရတဲ့သူတွေဟာ ရခိုင်ပြည်ကျောင်းသား သမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက် ပြန်ကြားရေး ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဖက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနဲ့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသား သမဂ္ဂက ကိုကောင်းထွန်းတို့ ဖြစ်ကြပါတယ်။
 
သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် အရပ်သားတွေထိခိုက်နစ်နာမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြကြစဉ် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က အဲဒီကျောင်းသားတွေဟာ သူတို့အမှုကို မလိုအပ်ဘဲ ကြန့်ကြာနေတဲ့အတွက် အမြန်အမိန့်ချဖို့ တရားရုံးအတွင်း ဆန္ဒပြတောင်းဆိုမှုတွေအထိ ဖြစ်ခဲ့ပါတယ်။
 
သူတို့ကို တရားစွဲဆိုတဲ့ပုဒ်မတွေမှာ ပုဒ်မ ၅၀၅ (ခ) ရဲ့ တရားလိုဟာ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင် ဖြစ်ပြီး ဘေးစီမံပုဒ်မ ၂၉ နဲ့ အမှုရဲ့တရားလိုကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ဒုတိယဦးစီး ဦးအောင်ဇံဝေဖြစ်တယ်လို့ သိရပါတယ်။
 
နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)ဟာ ထောင်ဒဏ် (၂) နှစ်ထိချမှတ်နိုင်ပြီး ဘေးစီမံပုဒ်မ-၂၉ ကတော့ ထောင်ဒဏ် (၁) နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW