ကန်ကြီးထောင့်မြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဖမ်းဆီးခံရ

ဧရာဝတီ၊စက်တင်ဘာ ၁၉၊၂၀၂၁
KK(VOM)
 
ကန်ကြီးထောင့်မြို့နယ်မှာ မနေ့ စက်တင်ဘာ၁၈ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကန်ကြီးထောင့်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးပြည့်စုံ ဖမ်းဆီးခံရတဲ့အကြောင်း မြို့ခံတယောက် ပြောပြတာက
 
“ကန်ကြီးထောင့်မှာ အုပ်ချုပ်ရေးက ပြိုကွဲနေတာ ရပ်ကျေးအုပ်ကြီးတွေ ထွက်တာလည်း ပေးမထွက်ဘူး အခုဖမ်းသွားတဲ့မြို့အုပ်ဆို ဒလန်စာရင်းသွင်းထားတာ စဥ်းစားလို့မရဘူး”လို့ သူကပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှုးဦးပြည့်စုံကို မြို့နယ်လောက်ကောင်များ ဖော်ထုတ်ရေးအဖွဲ့က ဒလန်ဆိုပြီး မတ်လ ၃၁ရက်နေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားတာရှိပါတယ်။
 
ကန်ကြီးထောင့်မြို့နယ်မှာ ဇွန်လ ၁၄ရက်နေ့ကနေ သြဂုတ် ၉ရက်နေ့အထိ ရပ်ကျေးအုပ်ချုပ်မှုးနေအိမ်တွေ ၊သစ်တောရုံးတွေ ၊အထက်တန်းကျောင်းတွေ လ္ဘက်ရည်ဆိုင်တွေနဲ့ ဘုန်းကြီးစျာပနပွဲတွေမှာ ဗုံး၇ကြိမ်ပေါက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဥယျာဥ်စုရပ်ကွက်မှာနေတဲ့ ရဲသတင်းပေးဆိုတဲ့ မောင်မြင့်ဟာ သြဂုတ်လ ၂၉ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ လူငယ်၃၀ကို ဖမ်းဆီးခံရပြီး ၁၀ဦးသာပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ ဥယျာဥ်စုမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် နိူင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီက မြို့နယ်အလုပ်အမှုဆောင် ကိုအာကာအောင် တို့ညီအစ်ကိုနှစ်ဦးကိုဖမ်းဝရမ်းထုတ်ခဲ့ရာ ရှောင်တိမ်းနေတဲ့ ကိုအာဏာအောင်ကိုမြောက်ဒဂုံမှာ ဇွန်လ ၂၃ရက်နေ့မှာဖမ်းမိပြီး စက်တင်ဘာ ၁၅ရက်နေ့မှာ မြောက်ဒဂုံတရားရုံးက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ် ညီဖြစ်သူစည်သူအောင်ကို ကန်ကြီးထောင်ရဲစခန်းမှာ အမှုဖွင့်ထားတာလည်းရှိပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ရက်နေ့ညပိုင်းကလည်း Mizzimaသတင်းဌာနက အယ်ဒီတာဟောင်း ကိုမျိုးသန့်၊ NLDမြို့နယ်စည်းရုံးရေးမှုးဟောင်း ကိုဇော်ဇော်နိုင် ၊ ပုသိမ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုမြတ်သူတို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
 
ကန်ကြီးထောင့်မြို့နယ်မှာ ဒီလိုပြဿနာတွေကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ခုနှစ်ဦးထက်မနည်း နှုတ်ထွက်စာတင်ထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးပိုင်းက အုပ်ချုပ်ရေးမှူး တစ်ဦးကိုသာ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
 
#voiceofmyanmar #VOM #ကန်ကြီးထောင့်

Related posts

Leave a Comment

VOM News

FREE
VIEW