မုံရွာ မြန်မာ့စီးပွားရေးဘဏ်တာဝန်ကျ ရဲ ၁ ဦး လက်နက် ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေ

စက်တင်ဘာ ၊ ၁၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ အောင်မင်္ဂလာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ အရင်မြို့ပတ်လမ်းဟောင်း လမ်းဆုံ နေရာမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ရုံးတာဝန်ကျ ရဲ ၁ ဦးဟာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတယ်လို့ ဘဏ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” ပျောက်နေတဲ့ ရဲက လုံခြုံရေးရဲတပ်ဖွဲ့ အမှတ် ၂၈ က ဘဏ်တာဝန်ကျနေတဲ့သူဖြစ်တယ် ၊ မနက်လင်းမှ သိရတာ ဘယ်အချိန်ကစပြီး ပျောက်နေတယ်ဆိုတာ မသိရသေးဘူး ၊ မုံရွာမှာက ည ၈ ၊ မနက် ၄ မထွက်ရ အမိန့်ရှိတယ်ဆိုတော့ ဒီမနက် ၄ နာရီ နောက်ပိုင်း ပျောက်တာဖြစ်မယ် ” လို့ ဘဏ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
 
ဘဏ်တာဝန်ကျ ရဲတွေနဲ့ နီးစပ်သူ တစ်ယောက်က ” ဒီမနက် လက်နက်တွေနဲ့ ပျောက်သွားနေတဲ့ ရဲဝန်ထမ်းက ချင်းတိုင်းရင်းသားဖြစ်တယ်လို့ ကြားရတယ် ၊ မနေ့က ချင်းပြည်နယ် တောင်ပိုင်း ထန်တလန်မြို့က နေအိမ်တချို့ မီးလောင်နေတာကို အင်တာနက် လူမှုကွန်ရက်ပေါ်မှာ live လွှင့်နေတာတွေရှိတယ် ၊ အဲ့ဒါတွေကိုများ မြင်တွေ့ပြီး စိတ်ပြောင်းသွားတာလည်းဖြစ်နိုင်တယ် “လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အဲ့ဒီဘဏ်မှာ တာဝန်ကျနေတဲ့ ရဲတစ်ယောက်ဟာ တာဝန်ကျနေရာကနေ ပျောက်ဆုံးသွားပြီး ထန်းတောရပ်ကွက်ရုံးကနေ ပြန်တွေ့ခဲ့ရတဲ့ ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် မုံရွာ မြန်မာ့စီးပွားရေးဘဏ်အနီးက စျေးအရောင်းဆိုင် လုပ်ငန်းရှင်တစ်ယောက်ကလည်း ” ဘဏ်မှာ အစောင့်တာဝန်ကျတဲ့ ရဲတစ်ယောက် သေနတ်နဲ့ ၂ လက်နဲ့ ပျောက်နေလို့ ရှာဖွေစစ်ဆေးရေးတွေနဲ့ အခြေအနေတွေ ရှုပ်ထွေးနေတယ် ၊ မြို့နေရာ အနှံလည်း စစ်ဆေးနေတာတွေ ဖြစ်နေတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီ လက်နက်ခဲယမ်းတွေနဲ့ ဘဏ်တာဝန်ကျ ရဲတစ်ယောက် ပျောက်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ တာဝန်ကျနေတဲ့ ကင်းတာဝန်ကျ ရဲ ၁ ယောက်ဟာလည်း အလားတူ လက်နက်ခဲယမ်းတွေနဲ့ ပျောက်ဆုံးနေတဲ့အတွက် နန်စီပွန်နယ်မြေရဲစခန်းမှာ အမှုဖွင့်ရှာဖွေနေရတာလည်း ရှိပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယင်းမာပင်မြို့မရဲစခန်းက ဂါတ်စာရေးတာဝန်ကျ ရဲတစ်ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရွှေချောင်း ၂ ပိသာကျော်နဲ့ ပိုက်ဆံ သိန်း ၅ ရာနီးပါးအပြင် G3 သေနတ် ၁ လက်နဲ့ ကျည်ဆံတွေပါယူဆောင်သွားပြီး ပျောက်ဆုံးနေတာလည်း ရှိခဲ့ပါသေးတယ်။
 
ဒါ့အပြင် အခုလ ၁၇ ရက်မနက်က မုံရွာမှာ တာဝန်ကျနေတဲ့ ရဲတွေကို ထောက်ပံ့ပစ္စည်းတွေပေးအပ်ဖို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ အဖွဲ့ ရောက်ရှိလာခဲ့ပြီး ၂ ရက်အတွင်းမှာပဲ အခုလို ရဲဝန်ထမ်း ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပုံစာ – မုံရွာ မြန်မာ့စီးပွားရေးဘဏ်တာဝန်ကျ ရဲများ
# voiceofmyanmar #VOM #မုံရွာ #ဘဏ်တာဝန်ကျရဲ #လက်နက်တွေနဲ့ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW