သတင်းပေးရင် ဆုငွေပေးမယ်လို့ အမိန့်ထွက်ပြီးနောက် ရွှေဘိုခရိုင်ထဲမှာ အဖမ်းခံရသူများသလို အသတ်ခံရသူလည်း နေ့တိုင်းနီးပါးရှိ

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
သတင်းပေးတဲ့လူတွေကို နိုင်ငံတော်က ဆုကြေးငွေ ၅ သိန်းထုတ်ပေးမယ်လို့ အမိန့်တွေ ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲက မြို့နယ် ၆ ခုထဲမှာ သတင်းပေးလို့ အမည်ထွက်နေတဲ့ လူတွေ နေ့တိုင်းနီးပါး အသတ်ခံနေရတယ်လို့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ရက် ၂၀ လောက်ရှိပြီ ရွှေဘိုခရိုင်ထဲမှာ လူသတ်မှု မဖြစ်တဲ့ရက်ဆိုတာ မရှိဘူး ၊ မြို့နယ် ၆ ခုထဲက တမြို့နယ် မဟုတ် ၊ တမြို့နယ် လှည့်ဖြစ်နေတာ ၊ အသတ်ခံရတဲ့သူတွေက စီးပွားရေးနဲ့ လူမှုရေး ပြသနာတွေကြောင့် မဟုတ်ဘူးလို့ သိရတယ် ” လို့ နာရေးကိစ္စရပ်တွေမှာ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၁၈ ရက်ည ၉ နာရီကျော်အချိန်က ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် အေးသာယာ ပျံကျရွာက ကိုအောင်နိုင်ထွန်း ဆိုသူဟာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ အသတ်ခံရတဲ့ ကိစ္စအပါအဝင် ရွှေဘိုခရိုင်ထဲမှာ နေ့တိုင်းလိုလို လူသတ်မှုတွေ ဖြစ်နေတာလို့ သိရပါတယ်။
 
အဲ့ဒီလို လူသတ်မှုတွေဖြစ်ရတာနဲ့ ပတ်သက်ပြီး ရွှေဘိုနယ်ခံ တစ်ယောက် ပြောတာက
 
” အရင်ကလည်း လူသတ်မှု မဖြစ်တာ မဟုတ်ဘူး ၊ ဖြစ်တယ် ၊ ဖြစ်ပွားမှု အကြိမ်ရေနဲ့ သေဆုံးသူ ဦးရေ အခုလို မများခဲ့ဘူး ၊ မနေ့က ၁ ရက်ထဲမှာ ရွှေဘိုခရိုင်ထဲက ခင်ဦးနဲ့ ဒီပဲယင်း ၂ မြို့နယ်မှာ အသတ်ခံရတာတွေရှိတယ် ၊အဲ့ဒီ အရင်ရက်က တန့်ဆည် ၊ ဝက်လက် ၂ မြို့နယ်မှာ ဖြစ်တယ် ၊ အလောင်းမတွေ့ပဲ ပျောက်နေတဲ့ လူတွေနဲ့ ယာခင်းတောသွားရင်း ဆက်သွယ်မရတော့တဲ့ လူတွေရဲ့ နောက်ဆုံး အဖြေ ဘာလဲလို့ စောင့်ကြည့်နေရတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီလို လူပျောက်နေတာ ၊ အလောင်းပြန်မရတာ ၊ ဆက်သွယ်မရတာ ၊ မူးချောင်းတွေထဲမှာ ပုတ်ပွနေမှ အလောင်းပြန်တွေ့တာ စတဲ့ လူသေဆုံးမှုတွေဟာ တန့်ဆည် ၊ ရေဦး ၊ ခင်ဦး ၊ ဒီပဲယင်း ၊ ဝက်လက် နဲ့ ရွှေဘိုမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် နောက်ပိုင်း အဖြစ်များလာတယ်လို့ သိရပါတယ်။
 
” အိမ်မှာနေရင်း အသတ်ခံရတာနဲ့ သွားရင်းလာရင်း အသတ်ခံရတာ အပြင် ဖမ်းခေါ်သွားပြီး အသတ်ခံရတာ ရှိတယ် ၊ အဲ့ဒီ အပြင်ကို သတ်ပြီး စွန့်ပစ်ထားတဲ့ အလောင်းတွေ့ရတာလည်းရှိတယ် ရက် ၂၀ ထဲမှာ လူ ၃၀ ထက်မနည်း အဲ့ဒီလို ဖြစ်စဥ်တွေနဲ့ ဖြစ်နေတာ ” လို့ ရွှေဘို ခရိုင်ကောင်စီရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
 
သတင်းပေးရင်ဆုငွေပေးမယ်လို့သိရပြီးနောက်ပိုင်း ဖမ်းဆီးခံသူတွေလည်းရာချီရှိလာနေပါတယ်။ အသတ်ခံရသူတွေဟာ သတင်းပေး ဒလန်ဆိုပြီး ဒေသခံတွေ ပြောဆိုနေကြပေမယ့် VOM ကသီးခြား အတည်ပြုပေးနိုင်ခြင်းတော့ မရှိပါဘူး။
 
#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW