စစ်ကိုင်းတိုင်းမှာ မြို့နယ် တချို့က ရွာတွေမှာ ဖုန်းအင်တာနက်ဆက်သွယ်ရေး ပြတ်တောက်နေ

စက်တင်ဘာ ၊ ၂၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်းထဲက ဆက်သွယ်ရေး တာဝါတိုင်တချို့ ပျက်စီးနေတာကြောင့် မြို့နယ် ၅ ခုထက်မနည်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆက်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။
 
မေလပိုင်းကစလို့ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြား ဆက်သွယ်ရေးတာဝါတိုင်တချို့ ဖျက်စီးခံရတာကနေ စက်တင်ဘာလ ၂၀ ရက်အထိ ၄ လတာကာလအတွင်း တာဝါတိုင် ၄၀ နီးပါး ပျက်စီးနေတယ်လို့လည်းသိရပါတယ်။
 
မင်းကင်း ဒေသခံ တစ်ယောက်က သူတို့ကြုံရတဲ့ အခက်အခဲကို ပြောပြတာက” ကျောင်းပိတ်ရက်တွေရှည်လာတာတော့ ကလေးတွေ ပညာရေးနောက်မကျအောင်ဆိုပြီး အွန်လိုင်းစာသင်ဝိုင်းနဲ့ တက်ခိုင်းတယ် ၊ ရွာမှာက ကေဘယ်လ် အင်တာနက်လိုင်း မရှိတော့ မီနီဝိုင်ဖိုင်နဲ့ အသုံးပြုပြီး အွန်လိုင်းကျောင်းတက်ခိုင်းရတာပါ ၊ ခုလ ၉ ရက်ကစပြီး အဲ့ဒီ မီနီဝိုင်ဖိုင် အင်တာနက်လိုင်းတွေ လုံးဝ သုံးမရတဲ့အတွက် စာသင်တာ ကလေးတွေ နားထားရတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီလို အင်တာနက်လိုင်း ပြတ်တောက်တာတွေဖြစ်ပေါ်နေတာဟာ မင်းကင်းမြို့နယ်ထဲက ရွာတွေတင်မကပါပဲ၊ ကနီ ၊ ယင်းမာပင်း ၊ ပုလဲ ၊ မြောင် ၊ ကောလင်း ၊ ကန့်ဘလူ ၊ တန့်ဆည် ၊ ပင်လည်ဘူး နဲ့ ကသာစတဲ့ မြို့နယ်တွေက ရွာအများစုမှာလည်း အလားတူ အင်တာနက်လိုင်းတွေ သုံးမရဖြစ်နေတာ ၁၀ ရက်မက အချိန်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။
 
” အရင်ကတော့ စျေးကုန်ဝယ်ဖို့ မြို့ပေါ်ကို ၂ ပတ်ကို အနည်းဆုံး ၃ ခေါက်သွားရတယ် ကိုဗစ်ကြောင့် ရွာအပြင်မထွက်ရတဲ့အခါ တခြားကို ဖုန်းနဲ့ လှမ်းမှာပြီး ပိုက်ဆံကို အင်တာနက်ကနေ တဆင့်လွှဲပေးတာမျိုးဆိုတော့ ရောင်းရေး ဝယ်ရေး အဆင်ပြေသေးတယ် ၊ အခု အင်တာနက်လိုင်းရော ဖုန်းလိုင်ပါ ပြတ်တောက်တဲ့အတွက် ရောင်းရေး ဝယ်ရေး အဆင်မပြေဘူး ” လို့ ကနီမြို့နယ်ရဲ့ အရှေ့မြောက်ပိုင်းက ကုန်စုံဆိုင် လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ဆက်သွယ်ရေး တာဝါတိုင်တွေပျက်စီးတာနဲ့ ပတ်သက်လို့
 
” အစားထိုးပြင်ဆင်ရမယ့် လိုအပ်တဲ့ ပစ္စည်း အခက်အခဲ ရှိတာနဲ့ ပျက်စီးတဲ့နေရာတွေ သွားရောက်ပြင်ဆင်ဖို့ လုံခြုံရေး စိတ်မချရတဲ့ အခက်အခဲတွေကြောင့် မပြင်ဆင်နိုင်သေးတာ ” လို့ တယ်လီကွန်း ပညာရှင် တစ်ဦးက ပြောပါတယ်။
 
ပျက်စီးသွားတဲ့ မိုက်ကရိုဝေ့ဗ် တာဝါတိုင်တွေမှာ အစားထိုးတပ်ဆင် ပြုပြင်ရမယ့် ပစ္စည်းတွေဟာ ပြည်ပကနေ မှာယူတင်သွင်းပြီးမှ လုပ်ရမှာဖြစ်တဲ့အတွက် လတ်တလော ပြင်ဆင်ပေးနိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။
 
#VOM #voiceofmyanmar #စစ်ကိုင်းတိုင်း #တာဝါတိုင် #ဖုန်းအင်တာနက်

Related posts

Leave a Comment

VOM News

FREE
VIEW