မိုးကုတ်မြို့က ကျောက်ကုန်သည်တစ်ဦးရဲ့နေအိမ် နေ့ခင်းအချိန်မှာ ဓားပြတိုက်ခံရ

စက်တင်ဘာ ၂၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ၊သဒွတ်သျှိုးကျေးရွာမှာနေတဲ့ ဂေါ်ရခါးမျိုးနွယ် ကျောက်ကုန်သည်တစ်ဦးရဲ့နေအိမ်ကို မနေ့ စက်တင်ဘာ ၂၀ နေ့လယ်ပိုင်းက ဓားပြဝင်တိုက်ခံရတဲ့အတွက် အတွင်းပစ္စည်း ရွှေ၊ငွေတွေအပြင် ကျောက်ထုပ်တွေပါသွားတယ်လို့ ကျောက်ကုန်သည်တွေပြောပြချက်အရ သိရပါတယ်။
 
” ကျောက်ထုပ် ၁၇ ထုပ် ၊ ရွှေ ၃၀ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၂ ရာ ပါသွားတယ်လို့ ကြားရတယ် ” လို့ ကျောက်ကုန်သည်တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သဒွတ်သျှိုရွာခံတစ်ယောက်က ” လူ ၆ ယောက်ကလာပြီး အိမ်ရှေ့မှာ လူ ၂ ယောက်ကျန်ခဲ့တယ် ၊ ကျန် ၄ ယောက်က အိမ်ထဲ ဝင်သွားတယ် ၊ အဲ့ဒီအိမ်က ခြံဝန်းကျယ်တော့ ပတ်ဝန်းကျင်လူတွေက အခါတိုင်းလို ကျောက်ရောင်းလာတာပဲလို့ ထင်နေကြတာ ၊ နာရီဝက်လောက်ကြာမှ ဓားပြတိုက်ခံရတယ်ဆိုတာ သိတာ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ဓားပြတိုက်ခံရတဲ့ ကာယကံရှင်နဲ့ နီးစပ်သူ တစ်ယောက်က ” သူ့အိမ်မှာက အသက်ကြီး အဖွားတစ်ယောက်ရှိတယ် ၊ အဲ့ဒီ အဖွားကြီးကို ပစ္စည်းထုတ်ခိုင်းတယ် ၊ ကျန်တဲ့သူတွေကို ကြိုးတုပ်ပြီး ဝမ်းလျားမှောက်ခိုင်းထားတာတဲ့ ၊ သေနတ်တွေနဲ့ဆိုတော့ အားလုံးက ကြောက်နေရတာ ” လို့ ပြောပါတယ်။
 
အဲ့ဒီ ဓားပြတိုက်သွားတဲ့ လူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အိမ်ရှင်က မသိပေမယ့် ကိုင်ဆောင်ထားတဲ့ သေနတ်တွေကို မြင်ရတဲ့အခါ အဖွဲ့တဖွဲ့က လူတွေဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေတာတွေလည်း ရှိပါတယ်။
 
အဲ့ဒီ အခြေအနေတွေကို အတည်ပြုဖို့အတွက် အိမ်ရှင်ဖြစ်သူကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
အခုလို ဓားပြတိုက်ခံရတဲ့ကိစ္စကို မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ ပြင်ဦးလွင် ခရိုင်ရဲရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် တာဝန်ခံဖြေကြားပေးမယ့်သူ မရှိတဲ့အတွက် အဆင်မပြေခဲ့ပါဘူး။
 
မိုးကုတ်မြို့နယ်ဟာ တောင်တန်းထူထပ်ပြီး တိုင်းရင်းသားမျိုးစုံ စီးပွားလာရှာကြတဲ့ ဒေသဖြစ်တာကြောင့် အခုလို မိုးရာသီမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ ထင်သလောက် အလုပ်မဖြစ်တာများတဲ့အတွက် မကြာခဏ လုယက်တာတွေနဲ့ ပစ္စည်းခိုးယူခံရတာတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မိုးကုတ#ကျောက်ကုန်သည်အိမ် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW