လျှော်ဖြူရွာမှာ ပစ်ခတ်မှုတွေဖြစ်လို့ မိသားစုဝင် ၄ ယောက်သေဆုံး၊ ၁နှစ်ကျော်ကလေးနဲ့ လူအချို့ဒဏ်ရာရ

စက်တင်ဘာ ၂၁-၂၀၂၁
GH ( VOM )
 
နွားထိုးကြီးမြို့နယ်၊ လျှော်ဖြုရွာမှာ မနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၂နာရီကျော်ခန့်က ပစ်ခတ်မှုတွေ ၊ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့လို့ လျှော်ဖြူရွာအလယ်ပိုင်း ကျေးရွာထဲက မိသားစုဝင် ၄ ယောက်သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် လူ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
“အရင်ကမဖြစ်ခဲ့ဘူးတော့ ဘယ်အသံက စစ်ဖြစ်တဲ့အသံလဲ ၊ဘယ်အသံက လက်နက်ကြီးအသံလဲမသိဘူး။ကြားနေတာတော့ ဝုန်း ဝုန်း နဲ့ပါအေ။မြေကိုတုန်နေပါရော ၊ တစ်ယောက်ကဒဏ်ရာရတယ်၊ ဒေါ်ညွန့် သူ့သမီးပေါ့။ သူကမန္တလေးဆေးရုံမှာ တင်ထားရတယ်၊ ရဲစာပါမှကုပေးမယ်ပြောလို့ အခုထိ မကုရသေးဘူးကြားတယ်။ခေါင်းမှန်တာ အခြေအနေမကောင်းဘူးလို့ကြားတယ်။ ဦးနှောက်သွေးယိုစိမ့်တယ်ကြားတယ်။တစ်နှစ်ကျော်ကလေးလေးရော လက်တွေရောခြေထောက်တွရော ဒဏ်ရာရတယ်လို့သိရတယ်၊ ဆီစက် ဆီကျိတ်တာပေါ့ သူတို့မိသားစုက အရမ်းကိုအေးဆေးတဲ့မိသားစုပါ။ ” လို့ ရွာခံတစ်ဦးကပြောပြပါတယ်။
 
အဲ့ဒီပစ်ခတ်မှုတွေကြောင့် လျှော်ဖြူရွာ အလယ်ပိုင်းမှာနေထိုင်တဲ့ ဆီကြိတ်တဲ့ ဆီစက်ပိုင်ရှင် ဦးဘိုခင် နဲ့ သူဇနီး ဒေါ်သန့် ၊ သားဖြစ်သူ ဦးမောင်ထွန်း နဲ့ ချွေးမဖြစ်သူ ဒေါ်မော်ဌေး တို့ သေဆုံးခဲ့ရတယ်လို့သိရပြီး သေဆုံးသူတွေကို ဒိကနေ့မနက်ပိုင်းကပဲ သင်္ဂြိုဟ်လိုက်ပြီလို့လည်း သိရပါတယ်။
 
လျှော်ဖြူရွာရဲ့ အထက်တန်းကျောင်းမှာ အရင်လတွေထဲက စစ်တပ်က တပ်စွဲထားကြောင်း ၊ အခုလည်း စစ်ကားတွေ ထပ်ပြီးရောက်လာတယ်လို့ကြားရကြောင်း ဒေသခံတွေကပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုနဲ့ပတ်သက်ပြိး နွားထိုးကြီး ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိတာကြောင့် VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
 
#voiceofmyanmar #VOM #နွားထိုးကြီး #ပစ်ခတ်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW