ကျိုက်ထိုမှာ အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပရဟိတသမားအပါအဝင် လူ ၅ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂၃-၂၀၂၁
GH ( VOM )
 
ကျိုက်ထိုမြို့နယ်မှာ တောင်သူစုရပ်ကွက်ရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်နဲ့ ပရဟိတသမားအပါအဝင် လူ ၅ ဦးကို မနေ့ စက်တင်ဘာ ၂၂ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” မနေ့က ၁၀ နာရီ ခွဲကျော်လောက်မှာ အုပ်ချုပ်ရေးမှူး ကိုဖမ်းသွားတယ်။ အန်တီက အရမ်းထက်မြက်တယ် ၊ အရင်အစိုးရလက်ထက်မှာတုန်းကလည်း သူရတဲ့ လစာထဲတောင် မရှိတဲ့သူတွေ ဝေမျှတာမျိုးရှိခဲ့တယ်၊ဘာကြောင့်ဖမ်းလဲဆိုတာတော့ အတိကျမသိရဘူး ၊ စစ်မေးစရာရှိလို့ဆိုပြီးခေါ်သွားကြတာ ” လို့ ဒေသခံတယောက်ကပြောပါတယ်။
 
တောင်သူစုရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကို မသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
 
အုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်ဟာ န.စ.က လက်ထက်မှာ ခန့်အပ်ထားသူမဟုတ်ဘဲ အရင်အစိုးရလက်ထဲကအုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းမှာလည်း ပဒုမ္မာပရဟိတအသင်းဝင်လည်းဖြစ် ၊မြို့နယ်အောက်ဆီဂျင်စက်ရုံမှာ ပရဟိတလုပ်ကိုင်နေတဲ့ တောင်သူစုရပ်ကွက်က ကိုမျိုးလင်းထွဋ်ကိုလည်း ဖမ်းဆီးခံခဲ့ရတယ်လို့အဲ့ဒီအသင်းရဲ့တာဝန်ရှိသူကပြောပါတယ်။
 
” သူကအသင်းမှာ ဘဏ္ဏာရေးမှူးတာဝန်ယူတာပေါ့။ ပရဟိတလုပ်တယ်။မနေ့ညက ၁၀ နာရီကျော်လောက်ကအဖမ်းခံရတယ်။ ဆက်သွယ်လို့လည်းမရဘူး စုံစမ်းလို့လဲမရဘူး ။ဘာမှမသိရသေးဘူး။ သူတို့ကိုထားတဲ့နေရာကို မသိရတာ ၊ ကျန်တဲ့အချက်အလက်တော့ ဘာမှမကြားရဘူး။ သတင်းတွေကတော့ထွက်နေတာပဲ ” လို့ ပြောပါတယ်။
 
နောက်ပြီး ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်က ဦးမင်းဇော်၊ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းက ဦးမျိုးမြင့်နဲ့ ကျိုက်ထိုမြို့ ရှမ်းစုရပ်ကွက်က ဦးခင်စိုး တို့ ၃ ယောက်ကိုလည်း စက်တင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ကျိုက်ထို

Related posts

Leave a Comment

VOM News

FREE
VIEW