မုံရွာ ကျောက္ကာလမ်းမှာ ရဲတစ်ယောက် သေနတ်နဲ့အပစ်ခံရပြီး သေနတ် လုယူခံရ

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁
ရွှေဘုန်းမြန်စံ (VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ကျောက္ကာလမ်းမှ ကင်းအစောင့် တာဝန်ကျနေတဲ့ ရဲတစ်ယောက်ဟာ ဒီကနေ့ စက်တင်ဘာ၂၃ရက် ညနေပိုင်း ၄ နာရီကျော် အချိန်ဝန်းကျင်က သေနတ်နဲ့ အပစ်ခံရပြီး ၊ ရဲလက်ထဲက သေနတ်ကို လုယူခံလိုက်ရတယ် လို့ လူမှုကူညီရေးအသင်းတခုရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ကင်းစောင့်နေတဲ့ ရဲတစ်ယောက်ကို လူ ၂ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး ရုတ်တရက် သေနတ်ထုတ်ပစ်ပြီး ရဲ သေနတ်ကို လုယူသွားတာ ” လို့ ကျောက္ကာလမ်းမှာနေတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကင်းစောင့်ရဲ ပစ်ခံရပြီး ရဲသေနတ် လုယူခံရတာနဲ့ ပတ်သက်လို့ အတည်ပြုချက်ရရှိဖို့နဲ့ သိလိုတာမေးမြန်းဖို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မရတာ ကြောင့် အဲ့ဒီ ရုံးနဲ့ နီးစပ်သူ တစ်ယောက်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူပြောပြတာက
 
.” ရဲသေနတ် ပစ်ခတ်လုယူခံရတာ ဟုတ်တယ် ၊ အပစ်ခံရတဲ့ ရဲက အမှတ် ၃၅ လုံခြုံရေး ရဲတပ်ရင်းက ရဲတပ်သား တစ်ယောက်ဖြစ်တယ် ၊ သေနတ် ၁ လက်နဲ့ ကျည်အိမ်ထဲက ကျည်ဆံတချို့ ပါသွားတယ် ၊ လို့ ပြောပါတယ်။
 
ဒါ့အပြင် သေနတ်ပစ်ခံရတဲ့ ကင်းစောင့်တာဝန်ကျ ရဲဟာ ညာဘက်ပေါင် ၊ ညာဘက် ရင်အုံ ၊ ဆီးခုံနေရာ နဲ့ ဘယ်ဘက် ခြေတောက်မှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ​အခုည ၈ နာရီအချိန်ထိ အသက်ရှင်လျက် ဆေးကုသခံနေရတယ်လို့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေရဲ့ အပြောအရ သိရပါတယ်။
 
မနေ့ စက်တင်ဘာ ၂၂ နေ့ခင်းပိုင်းက မုံရွာ ထန်းတောမီးပွိုင့်မှာ ယာဥ်ထိန်းရဲ တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရပါသေးတယ် ။
 
အဲ့ဒီနောက် ညနေပိုင်းအချိန်မှာ မြင်းမူ မြို့နယ်ရဲတပ်ဖွဲ့ရုံးက ဒုရဲအုပ် အဆင့်ရှိတဲ့ ရဲတစ်ယောက်ဟာ စားသောက်ဆိုင်မှာ သေနတ်နဲ့ ပစ်ခံရတာကြောင့် ဒဏ်ရာရတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ #ကျောက္ကာလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW