တံတားကြီးဆက်ပြီးပြီ

————————–
ဆူးငှက်

၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးလည်း အင်္ဂလိပ်လက်အောက် လုံးလုံးလျားလျား ကျရောက်ပြီးနောက် စစ်ဗျူဟာအရ အရေးပါသည့် စစ်ကိုင်းမြို့အနီး တံတားကြီးတည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင်
မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံ ဆာဟာကုတ်ဘတ်တလာက အုတ်မြစ်ချခဲ့သည်။

၁၈၉၀ခုနှစ်ကတည်းက ဖောက်လုပ်ပြီးစီးခဲ့သော စစ်ကိုင်း-ရွှေဘိုမီးရထားလမ်းသည်လည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်သွားပေမည်။

ထိုအခါ ၁၈၉၉ ခုနှစ်ကတည်းက ဖောက်လုပ်ဆက်သွယ်ခဲ့သော ရန်ကုန်-မန္တလေးမီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားမည်။ ထို့နောက် ရွှေဘိုမှ မြစ်ကြီးနားသို့လည်း မီးရထားလမ်းကို ဆက်လက်ဖောက်လုပ်ခဲ့သည်။

၁၉၂၇ ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့သော အင်းဝတံတားကြီးသည် ၂၉၄၈ ပေရှည်၍ ၁၀၂ ပေမြင့်သည်။

တံတားမှာ သံဘောင်ပေါင်းကူးတံတားဖြစ်ပြီး ရက်မကြီး ၉ခု၊ ရက်မလတ် ၁ခု၊ ရက်မငယ် ၆ ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး ရက်မလတ်မှာ ပေ ၂၅၀ ရှည်သည်။ အပိုင်းဆက်ရက်မတိုမှာ ပေ ၆၀ စီရှည်ပြီး သံတန်ချိန်ပေါင်း ၁၁၁၄၅ တန် အသုံးပြုခဲ့သည်။

၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနားမီးရထားလမ်းသည် မန္တလေးမှတဆင့် အကြားအလတ်မရှိ တောက်လျှောက် ဆက်သွယ်နိုင်ခဲ့၏။

၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ (၂)ရက်နေ့တွင် ဘုရင်ခံဆာဟျူးစတီဗင်ဆင် (Sir.Huge Stevenson) က အထူးမီးရထား ဘုရင်ခံစီး တွဲဖြူကြီး စီးနင်းကာဂတ်ဗိုလ်တွဲတွင် ခရိုင်မီးရထားသယ်ယူပို့ဆောင်ရေးအရာရှိချုပ် ဦးတင်က ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ရှူး ဖိနပ်အနက်နှင့် လက်၌ အလံစိမ်းကြီးကို တလူတူလွှင့်ကာ အင်းဝတံတားကြီးအား မီးရထားဖြင့်တ်ဖြတ်သန်းပြီးနောက် တံတားတစ်ဖက်မဏ္ဍပ်၌ မန္တလေးကွန်ဗင့်ကျောင်းသူလေးတစ်ဦးက ဘုရင်ခံအား ပန်းစည်းဆက် ကြိုဆိုခဲ့သည်။ ထို့နောက် တံတားဖွင့်ပွဲကို စည်တော်များရွှမ်း၍ ခမ်းနားစွာကျင်းပခဲ့၏။

ဘုရင်ခံအား ပန်းစည်း ဆက်ကြိုဆိုခဲ့သူ ကွန်ဗင့်ကျောင်းသူလေးမှာ နောင်တွင် မိုးဒေဝါမလှရွှေဟု ထင်ရှားကျော်ကြားမည့် သူလေးဖြစ်ခဲ့သည်။

ထိုစဉ်က နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က“တံတားကြီးဆက်ပြီးပြီ၊ သွားမည့်ခရီးသည်၊ ငှက်သမ္ဗာန်ကူးတို့ဆိပ်က အိပ်ရရှာသည်၊ အခုများတလည်၊ မြန်မာလူမျိုးတွေ အလုပ်မရှိလို့ တံတားကြီးကိုကြည့်ကာ ငိုမိသည်၊ ငိုမိပါသည်”ဟု သီချင်းရေးစပ်ကာ အလုပ်လက်မဲ့ဖြစ်သွားကြသော ကျေးလက် ငှက်သမ္ဗာန်သမားလေးများဘက်မှ စာနာပေးခဲ့သည်။

၁၉၄၂ ခုနှစ် ဧပြီ ၃ရက်နေ့၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ် ဗုံးကြဲပြီးနောက် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုုပ်ဂျင်နရယ်ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ည(၁၂)နာရီထိုးရန် (၁)မိနစ်အလို၌ စစ်ကိုင်းတံတားကြီးအား မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲ့သည်။

ထို့ကြောင့် တံတားကုန်းအမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျပျက်စီးခဲ့သည်။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့် ကူးကြရ၏။

ဒုတိယကမ္ဘာစစ်ကြီးကြောင့် မန္တလေးမြို့သူမြို့သား အများစုမှာ
စစ်ကိုင်းတောင်ရိုးသို့ ပြေးရှောင်ကာ စစ်ကိုင်းတောင်ရိုးမှာ (၃)နှစ်တာမျှ စစ်ခိုလှုံကြအပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့မှာ ရန်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်ခဲ့တော့ဟုကြေညာပြီး မဟာမိတ်က
မန္တလေးကို ပြန်လည်သိမ်းပိုက်လိုက်သည်။

ထို့ကြောင့် စစ်ကိုင်းချောင်၊ မင်းကွန်းချောင်အသီးသီးတွင် ခိုလှုံနေကြသော မြို့မအသင်းသားတွေကလည်း မန္တလေးကို တစ်စုတစ်ဝေးပြန်ကြပါပြီ။

အင်းဝတံတားကြီးကလည်း အင်္ဂလိပ်တပ်အဆုတ်မှာ မိုင်းခွဲဖျက်ဆီးခဲ့သောကြောင့် ဇက်ကလပ်ရေယာဉ်နှင့် စစ်ကိုင်းဆိပ်မှ အမရပူရဘက်ကမ်း စံရွေးဆိပ်ကို အခေါက်ခေါက်အခါခါ သယ်ပို့ပြီး စစ်ဘေးပြန်တွေကို
ပို့ပေးသောအခါ မြို့မအသင်းသားများလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြပြီပေါ့။

ဇက်ကလပ်ကြီး အမရပူရ စံရွေးကူးတို့ဆိပ်သို့အဆိုက် မြို့မအသင်းသားတွေက တိုးဝှေ့ဆင်းတော့ မလှမ်းမကမ်း လက်ပံပင်ကြီးတွေအောက်မှာ စစ်လက်ကျန် ထရပ်ကားကြီး တစ်စီးတွေ့သတဲ့။ ကားကြီးကို စစ်ကြည့်တော့ မောင်းနှင်၍ ရသောကြောင့် ကားပေါ် စုပြုံတက်ကာ မန္တလေးမြို့အပြန် ဈေးချိုအထိ ရရာတူရိယာပစ္စည်းများနှင့် သီဆိုတီးမှုတ်ပြီးပြန်ကြတာတဲ့။

မန္တလေးအပြန် လမ်းတလျှောက် စစ်ဘေးပြန် မန်းသူမန်းသားများနှင့် အတူ သံပြိုင်သီဆိုကြသော သီချင်းက ပြည်တော်ဝင်တဲ့လေ။

မင်းကွန်းတွင် စစ်ခိုနေသော သီချင်းရေးဆရာ အဝမ်းဆရာညှာက ရေးစပ်ပေးတာတဲ့။
” အခါတော်ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ်မမ …မတို့တစ်တွေ …
အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့်၊ ပြည်တော်ဝင်မယ်လေ”တဲ့။ ထိုနေ့ကား ၁၉၄၅ခုနှစ် မတ်လ ၂၃ ရက်…။

၁၉၄၈ခုနှစ် လွတ်လပ်ရေးရချိန်အထိ စစ်အတွင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရသော အင်းဝတံတားကြီး၏ အပျက်အစီးများကို မပြင်ဆင်ကြရသေး။

လွတ်လပ်ရေးရပြီး ၈နှစ်အကြာ ၁၉၅၃ ခုနှစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျကြပ်မတ်ကာ ဆောင်ရွက်ခဲ့သည်။

ဤသို့ဖြင့် မြန်မာပြည် မီးရထားဌာန၏ စီမံမှုတွင် မြန်မာအမျိုးသား အလုပ်သမားများ၏ လုံ့လဝီရိယဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ၁နှစ်ခွဲနီးပါးအကြာတွင် တံတားကြီး ပြင်ဆင်ပြီးခဲ့သည်။

ထို့ကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ(၇)ရက် နံနက်(၁၀)နာရီ ၃၀မိနစ်၌ ထိုအချိန်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ကိုယ်တိုင်
ပြင်ဆင်ပြီး တံတားကြီးကို ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျငွေ ၅၇ သိန်းကျော်သည်ဟုဆိုသည်။
ဤသို့ဖြင့် တံတားကြီး ဆက်ပြီးခဲ့ခြင်း ဖြစ်ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #တံတားကြီးဆက်ပြီးပြီ

 

Related posts

Leave a Comment

VOM News

FREE
VIEW