မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်အရာ အကြပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသတိပေး

နယူးယောက်၊ စက်တင်ဘာ-၂၈-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက စက်တင်ဘာ ၂၇ ရက်မှာ သတိပေးပြောကြားလိုက်ပြီး လက်ရှိမှာတော့ လူဦးရေ သုံးသန်းဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
 
အဲဒီအကြပ်အတည်းဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပိုမိုဆိုးရွားလာနေပြီး အကူအညီလိုအပ်နေသူ သုံးသန်းအနက် နှစ်သန်းကတော့ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ထပ်တိုးလာတာလို့ပြောပါတယ်။
 
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ အနောက်ပိုင်းလိုမျိုး ပဋိပက္ခဖြစ်ပွားရာနေရာတွေက ဒေသခံတွေအပါအ၀င် ရန်ကုန်နဲ့ မန္တလေးလိုမျိုး အဓိကမြို့ကြီးတွေမှာလည်း အကူအညီလိုအပ်နေသူအများဆုံးရှိနေတယ်လို့ ဆိုပါတယ်။
 
ဖေဖော်ဝါရီလနောက်ပိုင်းမှာ လုံခြုံရေးအခြေအနေဆိုးရွားမှုအပါအ၀င် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၂၀၀၀၀ ကျော်ထိရှိလာနေပြီး ကချင်၊ ရှမ်း၊ ကယား၊ ချင်း၊ ကရင်ပြည်နယ်နဲ့ စကိုင်း၊ မကွေးတိုင်းတို့မှ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ဒီအရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဟာ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ဆက်လက်ကူညီနေပြီး ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအစီအစဉ်အတွက် ဒေါ်လာ ၂၇၆ ဒသမ ၅ သန်းလိုအပ်နေတယ်လို့ ဆိုပါတယ်။
 
Ref :Bernama
Photo: Bernama
 
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW