မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ကိုင်းချောင်းတံတား မိုင်းကွဲမှုဖြစ်ပွားပြီး ခရီးသွားကားတွေ ပိတ်မိနေ

အောက်တိုဘာ ၊ ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ်-၆၀ အနီးဝန်းကျင်မှာရှိ အင်တောပျန့်ရွာနားက ကိုင်းချောင်း သံကူကွန်ကရစ်တံတားမှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းခွဲခံရတဲ့အတွက် တံတားပျက်စီးတာတွေရှိခဲ့ပြီး ခရီးသွားတချို့ ပိတ်မိနေတယ်လို့ ကျောမြို့ခံတွေက ပြောပါတယ်။
 
” မိုင်းခွဲခံရတဲ့တံတားက ပုံတောင်နတ်ထိပ်နဲ့ ၆ မိုင်ပဲဝေးတယ်၊ ကိုင်းချောင်သျှိုထဲမှာ ရှိတာဆိုတော့ ဂန့်လမ်းအတွက် အဓိကကျတဲ့ တံတားဖြစ်ပြီး ကွင်းလမ်းနေရာ မရှိဘူး ” လို့ မုံရွာ-ဂန့်ဂေါ-ကလေး-တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
 
ဒီကနေ့ နေ့လယ်ပိုင်းက ပုလဲမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းပရိုင်မိတ် ရှေးဟောင်းနယ်မြေဆီကို မုံရွာ-ဂန့်ဂေါလမ်းကနေ ဖြတ်ဖောက်ထားတဲ့ ဝမ်းပြင်းရွာနားမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကိုင်းချောင်းတံတား ဖောက်ခွဲခံရတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။
 
အဲ့ဒီ ကိုင်းချောင်းတံတား ဖောက်ခွဲခံရတာနဲ့ပတ်သက်လို့ ဒေသခံတဦးက ” မုံရွာ-ပုလဲဘက်ကနေ ဂန့်ဂေါဘက်ကိုတက်မယ့် စစ်ကားနဲ့ တင့်ကားတွေဟာ ဒီမနက် အဲ့ဒီ ဂန့်ဂေါလမ်းဘက်ကိုတက်လာတယ် ၊ အဲ့ဒါ ဝမ်းပြင်းရွာနားမှာ ပစ်တာခတ်တာတွေဖြစ်ပြီး ကိုင်းချောင်းတံတား ဖောက်ခွဲခံရတာ၊ တံတားကတော့ ပျက်စီးတာ မများဘူးလို့ ကြားရတယ် ၊ အခုထိတော့ ဟိုဘက် ဒီဘက် ကားတွေ မဖြတ်ကြသေးဘူး နီးစပ်တဲ့နေရာတွေမှာပဲ ခိုနေကြတယ် ၊ ပုလဲဘက်ကနေ ဂန့်ဂေါဘက်ကိုသွားတဲ့ ကားတွေကို အတက်ကားလို့ခေါ်တယ် ဂန့်ဂေါဘက်ကနေ ပုလဲဘက်ကိုလာရင် အဆင်းကား ၊ အခု ( အခုည ၆ နာရီခွဲ)ထိ အဆင်းကားတွေက ကျောမြို့ဘက်က နီးစပ်ရာ ထမင်းဆိုင်တွေမှာ ခိုနေရတယ် ၊ အတက်ကားတွေကတော့ ကန့်ဒေါင့်ရွာနဲ့ ပုလဲဘက်မှာ ခိုနေကြတာ” လို့ ပြောပါတယ်။
 
အဲ့ဒီ မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲက လမ်းဘေးမိုင်းတွေပေါက်ကွဲခဲ့လို့ ခရီးသည်တင်ကား ၂ စီး ထိခိုက်ပျက်စီးတာတွေရှိခဲ့ပြီး လမ်းဘေးပေါက်ကွဲခဲ့တဲ့ အရေအတွက်ဟာ စက်တင်ဘာလအတွင်း ဒါဇင်နဲ့ချီပြီး ရှိခဲ့တယ်လို့ သိရပါတယ်။
 
ပုံစာ – ကိုင်းချောင်းတံတားကို မနှစ်က မြင်တွေ့ခဲ့ရတဲ့ပုံ
#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW