လှိုင်မြို့နယ်က အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံး(၂)ကြိမ်ပေါက်၊ ရဲအရာရှိအပါအဝင် (၃)ဦးနဲ့ အရပ်သား၁ဦး ဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၈-၂၀၂၁
KK(VOM)
 
လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်က အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ညနေ ၃နာရီက ဗုံးပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ခဲ့ပြီး မြို့နယ်မှူး ၊စခန်းမှူး၊ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သားတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။
 
လှိုင်မြို့နယ်၊ အင်းစိန်လမ်း၊ သုခမှတ်တိုင်အနီးက အမှတ်-၉ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဒီကနေ့ ညနေ ၃နာရီက ဗုံးပေါက်ကွဲခဲ့ရာ အမှိုက်ကောက်နေသူတဦး ယာဘက်လက်ကောက်ဝတ်မှ ပြတ်ထွက်ခဲ့ပြီး ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ရာမှာတော့ မြို့နယ်မှူးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
“ဗုံးပေါက်တဲ့ သတင်းကြောင့် မြို့နယ်မှူးနဲ့အဖွဲ့က သွားတာ အဲ့မှာထပ်ပေါက်တာ ဒုတိယအကြိမ် ရဲသုံးဦးထိတယ် သိပ်တော့မစိုးရိမ်ရပါဘူး”လို့ သူကရှင်းပြပါတယ်။
 
ဗုံးစထိမှန်သူ ကိုဇော်မျိုးထွန်းမှာ ယာဘက်လက်ကောက်ဝတ်ပြတ်သွားပြီး စစ်ဆေးရုံကိုပို့ဆောင်ထားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊စခန်းမှူး၊ရဲတပ်သားတဦးတို့မှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ်။
 
လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းတွေက ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ စစ်တပ်ပိုင်စက်ရုံတွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်တာတွေဖြစ်ခဲ့လို့ သေဆုံးခဲ့သူတွေလည်း ရှိပါတယ်။
 
ပုံစာ- လှိုင်မြို့နယ်အတွင်းဗုံးပေါက်ကွဲမှုယခင်ပုံဟောင်း
#voiceofmyanmar #VOM #လှိုင် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW