မုံရွာမြို့နယ် ကြေးမုံရွာက ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၉ – ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မုံရွာ-မန္တလေး ကားလမ်းဘေးက ကြေးမုံ ကျေးရွာ အကွက်အမှတ် ၃ မှာ ဒီကနေ့ ၊ ၁၂ နာရီခန့်က ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ကြေးမုံရွာခံတွေက ပြောပါတယ်။
 
” ကိုမျိုးကျော်ရဲ့ဆိုင်ကို လူ ၂ ယောက်က ဆိုင်ကယ်နဲ့လာပြီး ကိုမျိုးကျော်ရဲ့ နဖူးနေရာ အလယ်တည့်တည့်မှာ သေနတ်နဲ့ ပစ်သတ်သွားတာ ” လို့ နာရေးကူညီရေး စေတနာ့ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
အသက် ၄၂ နှစ်အရွယ် ကိုမျိုးကျော် ခေါ် ကိုဇော်စိုင်း ဆိုသူဟာ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် တဦးဖြစ်ပြီး ပါတီရဲ့အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ် ။
 
သေဆုံးသူ ကိုမျိုးကျော်ဟာ မုံရွာ-မန္တလေး ကားလမ်းဘေးမှာ လေထိုးကျွတ်ဖာဆိုင် လုပ်ကိုင်နေသူဖြစ်ပြီး သေနတ်သမားက သူ့ရဲ့ ဆိုင်ကိုလာကာ သေနတ်နဲ့ နဖူးအလယ်နေရာမှာ ၁ ချက် ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲသေဆုံးခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် မနေ့ အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စု လမ်းမှာ ကွမ်းယာရောင်းနေတဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ရဲ့သားဖြစ်သူ ကိုဖက်တီးဆိုသူလည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ဟာ ယာခင်းတောမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး အလောင်းကို လှည်းပေါ်တင် ပြန်လွတ်လိုက်တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် အခုလဆန်းပိုင်းကစလို့ မုံရွာမြို့ပေါ်မှာ လူသတ်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ယောက် ၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ၁ ယောက် ၊ စစ်မှူထမ်းဟောင်း ၂ ယောက် ၊ အငြိမ်းစား စစ်သားမိသားစုဝင် ၁ ယောက် နဲ့ သတင်းပေး ဒလန်လို့ အမည်ထွက်နေတဲ့ အရပ်သား ၃ ယောက် သတ်ခံရတာလည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ကြေးမုံ #ပြည်ခိုင်ဖြိုးပါတီဝင် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW