အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား/သူ (၁)သန်းခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်

အောက်တိုဘာ ၁၂-၂၀၂၁
KK(VOM)
 
ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရောက်ခဲ့တဲ့ ကျောင်သား/သူဦးရေ (၁)သန်းခန့်ကို လာမယ့်အောက်တိုဘာ ၁၆ ရက်ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
 
၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ်အတွက် ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရောက်ခဲ့တဲ့ နိုင်ငံတစ်၀န်းရှိ မြို့နယ်များမှ အလယ်တန်းနဲ့အထက်တန်းကျောင်းတွေက ကျောင်းသားကျောင်းသူဦးရေ (၁)သန်းခန့်ကို အောက်တိုဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၁၀ရက်နေ့အထိ (၂)ကြိမ်ထိုးပေးသွားမှာဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
 
”အသက် ၁၂ပြည့်ပြီးသား ကျောင်းသားတွေရော ကျောင်းသူတွေရော ထိုးပေးမှာပါ၊ ပထမအကြိမ်က အောက်တိုဘာ ၁၂ကနေ နိုဝင်ဘာ ၁၂ထိ၊ ဒုတိယအကြိမ်ကတော့ နိုဝင်ဘာ ၁၃ရက်နေ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ထိုးပေးသွားမှာပါ”လို့ သူကရှင်းပြပါတယ်။
 
မြောက်ဥက္ကလာက ကျောင်းသားမိဘတဦးကတော့ “အစ်မတို့ကို အတန်းပိုင်ဆရာမက ဖုန်းဆက်တယ်၊ ၂ရက်နေ့က ကလေးတွေကို ကျောင်းမှာဖောင်လာဖြည့်ခိုင်းတယ် ကာကွယ်ဆေးထိုးရမယ်ပေါ့၊ ၁၆ရက်နေ့ ကာကွယ်ဆေးထိုးရမှာပါ”လို့ ပြောပါတယ်။
 
ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေက အသက်(၁၂) နှစ်အထက်ကျောင်းသား၊ ကျောင်းသူဦးရေမှာ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ၈၃၂၉ ဦးရှိပြီး အောက်တိုဘာ ၁၆ရက်နေ့မှာ ထိုးပေးသွားမှာဖြစ်တယ်လို့ ကျောင်းဆရာမတဦးကပြောပါတယ်။
 
“ကာကွယ်ဆေးထိုးဖို့ အကုန်စီစဥ်ပြီးသွားပါပြီ စုရပ် ၂၈ နေရာရှိတယ်၊ ၁၃ ရက်နေ့မှာ ကျောင်းသားကျောင်းသူတွေကို ဖောင်လာဖြည့်ခိုင်းမယ်၊ ၁၆ရက်နေ့မှာ ပထမအကြိမ်ထိုးမယ် နိုဝင်ဘာ ၁၃ရက်မှာ ဒုတိယအကြိမ်ထပ်ထိုးမယ်”လို့ သူကပြောပါတယ်။
 
အခုထိုးနှံပေးမယ့် Sinopharm ကိုဗစ် ကာကွယ်ဆေးတွေဟာ အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေ ထိုးနှံနိုင်တယ်လို့ ပြည်သူကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
 
#voiceofmyanmar #VOM #ကိုဗစ်ကာကွယ်ဆေး #အသက်၁၂နှစ်အထက် #ကျောင်းသား/သူ

Related posts

Leave a Comment

VOM News

FREE
VIEW