စစ်ကိုင်းတိုင်းက အုပ်ချုပ်ရေးမှူး တဝက်ကျော် အလုပ်ထွက်စာတင်

 
နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၁
ဖြူနှင်းဝေ(VOM)
 
စစ်ကိုင်းတိုင်း ၊ မြို့နယ် ၃၇ ခုက ရပ်ကွက် နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ပြကြတာ အခုလ ၁၅ ရက်အထိဆိုရင် အလုပ်ထွက်စာ တင်ပြမှုပေါင်း ၅၀ ရာခိုင်နူန်းကျော် ရှိသွားပြီလို့ ထွေအုပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူ တစ်ယောက် ပြောတာက
 
” စစ်ကိုင်းတိုင်းမှာက ခရိုင် ၁၁ ခုနဲ့ မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၅၀)၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စု နှဲ့ ရွာပေါင်း (၅၉၉၁) ရွာရှိတယ် ၊ တိုင်းအတွင်းက ရပ်ကွက်ပေါင်း ၂ ရာ ၇ ဆယ်ကျော်မှာ အုပ်ချုပ်ရေးမှူးရှိတဲ့ ရပ်ကွက်က ၁ ရာ မကျော်ဘူး ၊ ကျေးရွာအုပ်စု ၁ ထောင် ၇ ရာကျော်ကလည်း အလုပ်ထွက်စာ တင်ပြထားသူ အရေအတွက် ၁ ထောင်ဝန်းကျင်ရှိတယ် ၊ ရာခိုင်နူန်းနဲ ချိန်ထိုးပြောမယ်ဆိုရင် အလုပ်ထွက်စာ တင်ပြထားသူ ၅၀ ရာခိုင်နူန်းကျော်ရှိတယ် ၊ ၁ တိုင်းလုံးမှာ အခုလည်ပတ်နေရတာက ရပ်ကျေး အုပ်မှူး ၅၀ ရာခိုင်နူန်း မပြည့်မှီဘူး ” လို့ ဖြစ်ပါတယ်။
 
ဒါ့အပြင် အခုလ အစောပိုင်းက အလုပ်ထွက်စာ တင်ပြထားတဲ့ ရွှေဘိုခရိုင် ရေဦးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်က ” ရွာ ဥက္ကဌ ၃ ဆက်နဲ့ အုပ်ချုပ်ရေးမှူး ၂ ဆက် ၊ ကျေးရွာအုပ်ချုပ်ရေး လုပ်ငန်း ၅ ဆက်တိတိ လုပ်ခဲ့တယ် ၊ အခုလို မိသားစု အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာ မရှိခဲ့ဘူး ၊ လုပ်ဖော်ကိုင်ဘက်တချို့ အသတ်ခံရတာ နဲ သူတို့ မိသားစုတွေပါ အသတ်ခံရတာကြောင့် ကိုယ့်မိသားစု ရှေ့ရေးကြည့်ပြီး အလုပ်ထွက်လိုက်တာ ” လို့ ပြောပါတယ်။
 
အခုနှစ် အစောပိုင်း မတ်လကစလို့ စစ်ကိုင်းတိုင်းထဲက ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တချို့ဟာ အလုပ်ထွက်စာ တင်ပြကြတာဖြစ်ပါတယ် ။
 
အဲ့ဒီလို တင်ပြကြတဲ့အထဲက အခုလ အစောပိုင်းရက်တွေမှာ ရေဦး ၊ ခင်ဦး၊ တန့်ဆည် ၊ ဒီပဲယင်း ၊ ဝက်လက် ၊ မြင်းမူး ၊ ကလေး ၊ ထီးချိုင့် ၊ အင်းတော် ၊ ကန့်ဘလူနဲ့ ကျွန်းလှ စတဲ့မြို့နယ်တွေက လက်ကျန် အုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ပြကြတာလို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ အစိုးရအဖွဲ့ ရုံးစိုက်ရာ မုံရွာမြို့ပေါ်မှာ ရပ်ကွက် ၃၁ ရပ်ကွက် ရှိပြီး အဲ့ဒီ ၃၁ ရပ်ကွက်မှာ အခုနှစ် ဖေဖော်ဝါရီလကစလို့ အုပ်ချုပ်ရေးမှူး မရှိတာ ဒီကနေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်း #အုပ်ချုပ်ရေးမှူးနုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW