ရုရှားရဲ့ကျူးကျော်မှုမှန်သမျှ တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယူကရိန်းသမ္မတပြော

ကိဗ်ယက်၊ ဒီဇင်ဘာ-၇-၂၀၂၁
မျိုးဆက်(VOM)
 
ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ကျူးကျော်မှုမှန်သမျှကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းတပ်မတော်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
 
ရုရှားရဲ့ ကျူးကျော်မှုတွေကနေ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ယူကရိန်းတပ်တော်သားတွေဟာ သူတို့ရဲ့ အရေးကြီးတဲ့ တာ၀န်ကို ဆက်လက်ထမ်းဆောင်နေတယ်လို့ သူကပြောပါတယ်။
 
ယူကရိန်းနဲ့ တင်းမာမှုတွေကိုလျှော့ချဖို့အတွက် ရုရှားကို အနောက်နိုင်ငံတွေက တိုက်တွန်းလိုက်ပြီး ရုရှားရဲ့ ဘယ်လိုခြိမ်းခြောက်မှုဖြစ်စေ ယူကရိန်းဘက်မှ ရပ်တည်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဗြိတိန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပြီး ရန်စမှုများကိုတားဆီးဖို့ ဖြစ်နိုင်သမျှနည်းလမ်းအားလုံး အသုံးပြုသွားမယ်လို့ သဘောတူခဲ့ကြပါတယ်။
 
ဒီဇင်ဘာ ၆ ရက်ကပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးတိုးမြှင့်လှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခိုင်မာစွာထောက်ခံကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
 
ယူကရိန်းအရေးနှင့်ပတ်သက်ပြီး မစ္စတာဘိုင်ဒင်ဟာ ရုရှားသမ္မတပူတင်နဲ့လည်း ဒီဇင်ဘာ ၇ ရက်နှောင်းပိုင်း အွန်လိုင်းမှဆွေးနွေးဖို့ရှိနေပါတယ်။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့၀င်တွေတိုးမြှင့်ချထားခြင်းကြောင့် စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။
 
ဒါပေမယ့် တပ်ဖွဲ့၀င်များတိုးမြှင့်ချထားခြင်းဟာ ယူကရိန်းကို တိုက်ခိုက်ရန်မဟုတ်ကြောင်း ရုရှားက ငြင်းဆိုထားပြီး အနောက်နိုင်ငံတွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်စနေတယ်လို့ ပြောဆိုထားပါတယ်။
 
Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW