ဂိတ်တွေပြန်ဖွင့်ဖို့ သဘောတူညီမှုရပေမယ့် တရုတ်ဘက်က ပြန်လည်ဆိုင်းငံ့တာကြောင့် မြန်မာကုန်စိမ်းကားတွေ အခက်ကြုံနေ

ဒီဇင်ဘာ ၊ ၁၄-၂၀၂၁
နှင်းဖြူဝေ (VOM)
 
ကချင်ပြည်နယ်ထဲက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်လည်ဖွင့်ဖို့ ၂ နိုင်ငံ သဘောတူညီမှုတွေ ရရှိထားပေမယ့် တရုတ်ဘက်က ဂိတ်ဖွင့်ပေးဖို့ ပြန်လည်ဆိုင်းငံ့ထားတဲ့အတွက် နယ်စပ်ရောက် မြန်မာကုန်စိမ်းကားတွေ အခက်ကြုံနေရတယ်လို့ သစ်သီးပွဲရုံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
အခက်ကြုံနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တယောက်က ” မြန်မာဘက်က ကုန်စိမ်းတွေကို အဓိက ပို့ကုန်အဖြစ် ပို့ရမယ် ၊ သွင်းကုန်တွေကတော့ လူသုံးကုန်ပစ္စည်း အမျိုးမျိုး ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေ ပါမယ်ပေါ့ ၊ အဲ့ဒီလို ၂ နိုင်ငံ ကုန်သွယ်ရေး တာဝန်ရှိသူတွေက သဘောတူညီမှုယူခဲ့ကြတာ အခုလ လဆန်းပိုင်းမှာ ဖွင့်မယ်ဆိုလို့ ကုန်စိမ်းကားတွေ ဒါဇင်ပေါင်းများစွာ စောင့်နေကြတယ် ၊ တရုတ်ဘက်က သဘောတူညီမှုအတိုင်း ဂိတ်ဖွင့်မပေးဘဲ ဖွင့်ပေးဖို့ ပြန်လည်ဆိုင်းငံ့တာကြောင့် ကုန်စီမ်းဆိုတာ ပုတ်သိုးကုန်ဖြစ်တဲ့အတွက် အခက်ကြုံနေရတာ ” လို့ ပြောပါတယ်။
 
ကိုဗစ်ရောဂါ ထိန်းချုပ်တဲ့အနေနဲ့ ကချင်ပြည်နယ်ထဲက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ ကန်ပိုက်တီး ၊ ပန်ဝါ ၊ လွယ်ကျယ် ဂိတ်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကစလို့ ပိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
” ကုန်ပစ္စည်း အကန့်အသတ် ၊ ယာဥ်အစီးရေ အကန့်အသတ်နဲ့ ယာဥ်မောင်းတွေရဲ့ ကျန်းမာရေးဆိုင်ရာ အကန့်အသတ်တွေဆိုပြီး ကန့်သတ်ချက်တွေနဲ့ အခုလ ၇ ရက်မှာ ဂိတ်ပြန်ဖွင့်ပေးဖို့ တရုတ်နဲ့ သဘောတူညီမှု ရထားတယ် ၊ အဲ့ဒီအတွက် ဂိတ်ပြန်ဖွင့်တာနဲ့ ကနဦး ဝင်ခွင့်ရအောင် ကုန်စိမ်းကားတွေက အသင့်စောင့်ဆိုင်းနေတဲ့ကာလမှာ ဂိတ်ဖွင့်ပေးတာမရှိဘဲ ဖွင့်ဖို့ကိစ္စကို တရုတ်ဘက်က တကျော့ပြန် ဆိုင်းငံ့လိုက်တာ ” လို့ ကုန်သွယ်ရေးကားသမားတွေက ပြောပါတယ်။
 
ပုတ်သိုးကုန်စည် ဖြစ်စေတဲ့ ကုန်စိမ်းကားတွေနဲ့ လုပ်ငန်းရှင်တွေဟာ နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်တာနဲ့ အသင့်ဖြတ်သန်းဝင်ရောက်ခွင့်ရဖို့အတွက် အခုလ ၅ ရက်ကစလို့ နယ်စပ်ဂိတ်တွေနားမှာ ကုန်စည်နဲ့အတူ ကားတွေ နေရာယူခဲ့တာဖြစ်ပါတယ်။
 
နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေနားမှာ နေရာယူထားတဲ့ ကုန်စိမ်းကားတွေကတော့ တစ်သျှုး ငှက်ပျောကားနဲ့ အခြား ကုန်စိမ်းကားတွေဖြစ်ပြီး ဒီကနေ့အထိ ​​ဖြတ်သန်းဝင်ရောက်ခွင့် မရသေးတာကြောင့် စောင့်ဆိုင်းနေရတာ ၁၀ ရက်ကျော်နေပြီလို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ကချင် #နယ်စပ်ကုန်သွယ်ရေး #မြန်မာကုန်စိမ်းကား #အခက်ကြုံ

Related posts

Leave a Comment

VOM News

FREE
VIEW