တန့်ဆည်နယ်မှာ ၉ လောင်းပြိုင်လူသတ်မှု အလောင်းသွားကောက်တဲ့ ရဲအဖွဲ့ မိုင်းမိလို့ ၂ ​ဦးသေ ၊ ၅ ဦး ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၄ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၃ ရက် ညဦးပိုင်းအချိန်က ၉ လောင်းပြိုင်လူသတ်မှုဖြစ်ပြီး အလောင်းတွေကို သွားရောက်ကောက်ယူခဲ့တဲ့ ရဲအဖွဲ့ဟာ လမ်းမှာ မိုင်းပေါက်ကွဲတဲ့အတွက် ရဲအဖွဲ့ထဲက၂ ယောက်သေပြီး ရဲ ၅ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ညက ၇ နာရီကျော်လောက်မှာ ရွာသာယာကျေးရွာက အလောင်းကောက်ပြီးပြန်လာတဲ့ ရဲအဖွဲ့ ၊ အင်တိုင်းကုန်းရွာနဲ့ မှန်ကြိုင်ရွာ အထွက်လမ်းမှာ မိုင်းပေါက်ကွဲပြီး ရဲ ၂ ယောက်သေတယ် ၊ ၅ ယောက်က ပြင်းထန်ဒဏ်ရာတွေရတာ “လို့ တန့်ဆည်မြို့ခံ တယောက်က ပြောပါတယ်။
 
ဒါ့အပြင် ရွှေဘိုခရိုင် ရဲရုံးနဲ့ နီးစပ်သူ တယောက်က ” ရွာသာယာရွာမှာ အိမ်တွေ မီးရှို့ပြီး လူသတ်မှုတွေ ဖြစ်နေတာကြောင့် တန့်ဆည် ရဲအဖွဲ့က အဲ့ဒီရွာကို သွားခဲ့တာပါ ၊ အဲ့ဒီရွာမှာက လူနေအိမ် ၄ လုံး မီးလောင်ကျွမ်းပြီး ၊ မီးလောင်သေဆုံးနေတဲ့ အမျိုးသား အလောင်း ၅ လောင်းနဲ့ သေနတ်ဒဏ်ရာရပြီး သေနေတဲ့ အမျိုးသား အလောင်း ၄ လောင်း ၊ အားလုံး ၉ လောင်းတွေ့ရတယ် ၊ အဲ့ဒီ မှုခင်းကအပြန်လမ်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ရဲ ၂ ယောက် ကျတယ် ၊ ၅ ယောက်က ဒဏ်ရာရခဲ့တာ ” လို့ ပြောပါတယ်။
 
သေဆုံးတဲ့ ရဲ ၂ ယောက်ဟာ တန့်တည်မြို့မရဲစခန်းက ဒုရဲအုပ် စိုးကျော်သူနဲ့ ရဲတပ်သား ဇင်ကိုလင်း တို့ဖြစ်ပြီး သူတို့ ၂ ယောက်အပြင် အခြား ရဲ ၅ ယောက်လည်း ပြင်းထန်ဒဏ်ရာ ရတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
 
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ၊ ဆားလင်းကြီးမြို့နယ် ၊ မြောင်မြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေမှာ နိုဝင်ဘာလကနေ ဒီကနေ့အထိ ရဲမှူး ၁ ဦး ၊ ယာယီရဲမှူး ၁ ဦး ၊ ရဲအုပ် ၁ ဦး၊ ဒုရဲအုပ် ၁ ဦးနဲ့ အခြားရာထူးအဆင့်ရှိသူ ၂ ယောက် မိုင်းထိသေဆုံးခဲ့ပြီး ကိုယ်အင်္ဂါအစိပ်အပိုင်း ဖြတ်တောက်ဒဏ်ရာရတဲ့ ရဲတချို့လည်း ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #တန့်ဆည် #ရဲနှစ်ဦးသေဆုံး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW