မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၁ – ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအနီး မန္တလေး မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၆၆ / ၇ နေရာဝန်းကျင်မှာ ဒီဇင်ဘာလ ၂၁ ရက် ဒီကနေ့ နေ့ခင်းပိုင်းက ပဒေသာမိုင်းတွေ ပေါက်ကွဲတဲ့အတွက် ဖြတ်သန်းသွားလာနေတဲ့ ကား ၁ စီး ထိမှန်ပြီး ကားပေါ်က ရဲ ၅ ဦးနဲ့ အရပ်သား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံ ပရဟိတသမားတွေဆီက သိရပါတယ်။
 
” ကျွန်တော်တို့ကားနဲ့ ရှောင်တိမ်းပြီး သိပ်မကြာဘူး မိုင်းတွေကားတယ် ၊ မိုင်းထိတဲ့ကားက VIGO အဖြူရောင်လေး ၊ ကားပေါ်မှာက ရဲတွေဖြစ်မယ် ဒဏ်ရာကြတာ ” လို့ မုံရွာ မန္တလေး သွားနေတဲ့ မုံရွာမြို့ခံ တစ်ယောက်က သူမြင်တွေ့ရသမျှ ပြောပါတယ်။
 
အဲ့ဒီ မိုင်းစထိမှန်ပြီး ပြင်ထန်ဒဏ်ရာရတဲ့ ရဲဝန်ထမ်းတွေနဲ့ အရပ်သား ၁ ဦးရဲ့ အကြောင်းကိုတော့ ” အရေးကြီး ကြီးကြပ်ကုန်ပစ္စည်း လုံခြုံရေးလိုက်ပါပေးတဲ့ ရဲတွေနဲ့ ကားသမား ဒဏ်ရာရတာပါ ၊ ဒုရဲအုပ် အောင်မျိုးသူ ၊ ရဲတပ်သား နေဝင်းအောင် ၊ ရဲတပ်သား စိုးသက်လှိုင် ၊ ရဲတပ်သား စိုးထက်အောင် ၊ ရဲတပ်သား စံအောင်နဲ့ အဲ့ဒီ VIGO ကားကိုမောင်းတဲ့ ယာဥ်မောင်း ဦးအောင်စိုးထွန်း တို့ဖြစ်တယ် ၊ ဒဏ်ရာရ သူတို့အားလုံးကို ချောင်းဦးဆေးရုံကနေ နမခ စစ်ဆေးရုံကို အတွင်းလူနာအဖြစ် ပို့ဆောင်ထားတယ် ” လို့ ကျန်းမာရေး ဌာနနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ မိုင်းပေါက်ကွဲမှုဖြစ်ရပ်နဲ့ အလားတူ မိုင်းပေါက်ကွဲမှု တစ်ခု မုံရွာမြို့နယ် ၊ မုံရွာ မန္တလး ကားလမ်း ပုရစ်ကုန်းရွာဝန်းကျင်မှာ ဒီမနက်ပိုင်းက အပြိုင်ဖြစ်ခဲ့ပါသေးတယ် ။
 
အဲ့ဒီ ဖြစ်ရပ်ကြောင့် နွားကျောင်းနေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဟိန်းထက်စိုး ဆိုတဲ့ကလေး တစ်ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး အဲ့ဒီ နေရာအနီးမှာ မပေါက်ကွဲသေးတဲ့ ရှော့တိုက်မိုင်းတွေ ထပ်မံတွေ့ရတယ်လို့ ပုရစ်ကုန်းမြောက်ရွာခံတွေရဲ့ အပြောအရ သိရပါတယ်။
 
ပုံစာ ၊ မုံရွာဝန်းကျင်က လုံခြုံရေးတွေ မြင်ရပုံ
 
#voiceofmyanmar #VOM #မုံရွာ #မန္တလေးမုံရွာကားလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW