မြန်မာ – အိန္ဒိယ နယ်စပ်မှာ အိုမီခရွန် သံသယ လူနာတွေ စတွေ့ရလို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ တိတ်ဆိတ်နေ

ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ မဏိပူရ်ပြည်နယ် ၊ အင်ဖား (Inphal) မြို့မှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ အိုမီခရွန်လို့ သံသယ လူနာတွေ တွေ့ထားရတာကြောင့် ပြန်လည်ဖွင့်လှစ်ဖို့ အရှိန်ယူနေတဲ့ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း ကိစ္စဟာလည်း ဒီရက်ပိုင်းမှာ တိတ်ဆိတ်သွားတယ်လို့ မိုးရေးမြို့ အခြေစိုက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
” အိန္ဒိယပြည်တော်ပြန် လူ ၁ ယောက်နဲ့ သူ့မိသားစုဝင် ၃ ယောက်ကို အိုမီခရွန် ကိုဗစ်ရောဂါ သံသယလူနာအဖြစ် အင်ဖားလ် ဆေးရုံမှာ စောင့်ကြပ်ကုသနေတယ် ၊ အခုလ ၂၇ ရက် နေ့ခင်းပိုင်းကစလို့ ချန်ဒဲလ် ၊ ကော်မရာသာဘီ ၊ ကပ်ချင်း ၊ အင်ဖားလ် အဲ့ဒီနယ်ဘက်က ကုန်သွယ်ရေး ကားတွေ လာတာမတွေ့ရတော့ဘူး ” လို့ မိုးရေး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင် ဦးဘီကြူးက ပြောပါတယ်။
 
အခုလ ၂၁ ရက်က အသက် ၄၈ နှစ်အရွယ် မဏိပူရ် အမျိုးသား ၁ ယောက်ဟာ အာဖရိကတိုက်၊ တန်ဇန်နီးရားကနေ အိန္ဒိယနိုင်ငံ ဒေလီကိုပြန်လာခဲ့ပါတယ် ၊ ပြည်တော်ပြန်တွေ လိုက်နာရမယ့် အိန္ဒိယ ကျန်းမာရေးဆိုင်ရာ မူဝါဒအရ အဲ့ဒီ အမျိုးသားကို ဓာတ်ခွဲခန်း နမူနာယူပြီး ပို့ဆောင်စစ်ဆေးတဲ့အခါ အခုလ ၂၇ ရက် ဖြစ်တဲ့ ၁ ပတ်အကြာ မှာ Omicron ကူးစက်ခံထားရတယ်ဆိုတာ အဖြေထွက်ပေါ်လာတာ ဖြစ်တယ်လို့ မဏိပူရ် ကျန်းမာရေးဌာနရဲ့ ပြောပြချက်တွေကို ကိုးကားပြီး ဒေသတွင်း သတင်းမီဒီယာတွေက မနေ့က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ကိုဗစ်ရောဂါ အိုမီခရွန် သံသယ လူနာနဲ့ ပတ်သက်ပြီး သူရဲ့ မိသားစုဝင် ၃ ယောက်လဲ အလားတူ ကူးစက်ခံထားရတဲ့ အတွက် မြို့တော် အင်ဖာလ် ဆေးရုံမှာပို့ဆောင်ကုသပေးနေပြီး မနေ့အထိ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။
 
” ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ အစိုးရအဖွဲ့ အဆင့်မြင့် အရာရှိအဖွဲ့ ၁ ဖွဲ့ မြန်မာပြည်ကို လာသွားတယ် ၊ ၂ နိူင်ငံ ကုန်သွယ်ရေးလုပ်ငန်း ကိစ္စတွေ ထည့်သွင်းဆွေးနွေးသွားတာရှိတယ် ၊ အဲ့ဒီ အပေါ်မှာ မန္တလေး ၊ မုံရွာ ၊ ပခုက္ကူ စတဲ့ ကုန်စည်ဒိုင်က ကုန်သည် ပွဲစားတွေဟာ ၁ နှစ်ကျော်ကြာ ရပ်နားထားရတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရှိန်ယူနေကြတာဖြစ်တယ် “
 
ဒါ့အပြင် ” ကိုဗစ် တတိယလှိုင်းမှာ အိန္ဒိယ မြန်မာ ၂ နိုင်ငံနယ်စပ်ကနေ ရောဂါထိန်းချုပ်ရေး တာကျိုးပြီး ကလေးမြို့ကို ရိုက်ခတ်တယ် ၊ အခုလည်း မဏိပူရ်မှာ အိုမီခရွန် သံသယ လူနာတွေ စတင်တွေ့ထားပြီဆိုတော့ နယ်စပ်ကုန်သွယ်ရေးဟာ တိတ်စိတ်သွားပြန်တယ် ” လို့ ကလေး တမူး မိုးရေး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက ပြောပါတယ်။
 
အဲ့ဒီ မြန်မာနယ်စပ်ဒေသမှာ အိုမီခရွန် သံသယလူနာတွေ တွေ့ရှိရလို့ ဆေးကုသမှုပေးနေရတာနဲ့ ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေအပေါ်မှာ ထိခိုက်လာမှာကို လုပ်ငန်းရှင်တွေက ပူပန်နေရတဲ့အတွက် ဘယ်လိုစီမံထားသလဲဆိုတာ သိနိုင်ဖို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။
 
#voiceofmyanmar #VOM #အိန္ဒိယ #မြန်မာ #အိုမီခရွန်

Related posts

Leave a Comment

VOM News

FREE
VIEW