ယူကရိန်းစစ်ပွဲ ၉ ရက်မြောက်

– ဥရောပမှာ အကြီးဆုံး ဖြစ်တဲ့ ယူကရိန်း နျူကလီးယား ဓါတ်အားပေး စက်ရုံကြီးကို ရုရှား ကလက်နက်ကြီးနဲ့ ပစ်လို့ စက်ရုံ အစိတ်အပိုင်း တချို့ မီးလောင်သွားပါတယ်။ ဒါပေမဲ့ ရေဒီယို သတ္တိ ဓာတ်ရောင်ခြည်တွေ စိမ့်ယိုတာ မရှိဘူးလို့ နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီကပြောပါတယ်။ ယူကရိန်းသမ္မတ ဇာလန်စကီးက ဇာပိုရစ်ဇ်ရှီးယား နျူကလီးယားဓါတ်အားပေး စက်ရုံကို ရုရှားက ရည်ရွယ်ချက် ရှိရှိ နဲ့ တိုက်ခိုက်တာလို့ စွပ်စွဲပါတယ်။ ဇာပိုရစ်ဇ်ရှီးယား နျူကလီးယား စက်ရုံကို ရုရှားကသိမ်းပိုက်လိုက်ပါပြီ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီကိစ္စအရေးပေါ်ဆွေး‌နွေးဖို့ အစည်းအဝေးခေါ်ပါတယ်။ နျူကလီးယား အန္တရာယ်က သီသီလေးလုပ်သွားတာလို့ဆိုပါတယ်။
 
-ဓါတ်အားပေးစက်ရုံကို ရုရှားကသိမ်းပိုက်လိုက်ပြီဆိုတော့ အချိန်မရွေး ဓါတ်အားဖြတ်တောက် နိုင်ပါတယ်။
 
– ဗုံးဒဏ်ကြောင့် နျူကလီးယားစက်ရုံ မီးလောက်ကျွမ်းတဲ့အခါမှာ လူအများအပြား ထိခိုက်သေဆုံးတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဌာနကပြောပါတယ်။
 
– ရုရှားကနျူကလီးယားစက်ရုံနောက်တစ်ခုကိုတိုက်ဖို့ပြင်နေတယ်လို့ ကုလဆိုင်ရာအမေရိကန်သံအမတ်ကပြောပါတယ်။
 
– နေတိုးနဲ့ G 7 စက်မှုထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆယ်မှာ အစည်းအဝေးထိုင်ပြီး ယူကရိန်းကတောင်းထားတဲ့ လေယာဥ်မပျံသန်းရ ဇုန် သတ်မှတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇာလန်စကီးက ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
 
– ယူကရိန်းမြောက်ပိုင်းက ချာနီဟိဗ်မြို့ ကို ရုရှားက လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေလို့ အရပ်သား၄၇ ဦး သေဆုံးတယ်လို့ ယူကရိန်းအရေးပေါ် ဝန်ဆောင်မှု က ပြောပါတယ်။
 
-တိုက်ခိုက်တဲ့ နေရာ နဲ့ မနီးမဝေးမှာ ကင်စာရောဂါကုသပေးတဲ့ ကလေးဆေးရုံရှိပါတယ်။ ဆေးရုံကတာဝန်ရှိသူတွေက လူမမာ ကလေးတွေကို လုံခြုံတဲ့နေရာကို ရွှေ့ပေးချင်ပေမယ့် ဘယ်လိုရွှေ့ရမှန်းမသိဖြစ်နေပါတယ်။
ကလေးလူနာတွေကို မြေ‌အောက်အခန်းမှာ စုပြုံပြီး ထားရပါတယ်။
 
– ဒုတိယမြို့တော် ကာခိဗ် ကို ရုရှားတပ်တွေက အဆက်မပြတ် မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်နေပါတယ်။ တောင်ပိုင်းမှာ ပိတ်ဆို့ခံနေရတဲ့ မာရီအာပိုလ်မြို့ မှာ ရေနဲ့လျှပ်စစ်မီးလုံးဝ မရတာဘဲ မြို့သူမြို့သားတွေ ရိက္ခာပြတ်လတ်မှုနဲ့ကြုံနေရပါတယ်။
 
– မနေ့က ရုရှားသိမ်းလိုက်တဲ့ ခါဇွန်မြို့မှာ ရုရှားစစ်သားတွေက လမ်းပေါ်မှာ သေနတ်ကိုင်ရမ်းကားနေလို့ လူတွေ အိမ်ပြင်မထွက်ရဲဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။
 
– သတင်းမှားတွေတင်ပြရင် ထောင်ဒဏ်၁၅နှစ်အထိ အပြစ်ပေး နိုင်တယ်ဆိုတဲ့ ဥပဒေသစ်ကို ရုရှားပါလီမန်က ဒီကနေ့ အတည်ပြုလိုက်ပြီး တဲ့နောက် ဘီဘီစီက ရုရှားမှာရှိတဲ့ သတင်းထောက်တွေကို အလုပ် ယာယီ နားဖို့ ညွှန်ကြား လိုက်ပါတယ်။ မနေ့ကပိတ်လိုက်ရတဲ့ ရုရှားမှာ နောက်ဆုံးကျန်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာန နှစ်ခုက သတင်းထောက်တွေ ရုရှားကနေ ထွက်ဖို့ ပြင်ဆင်နေပါတယ်။ စစ်ပွဲကို စစ်ပွဲလို့ရေးရင် ထောင် ၁၅ နှစ်ကျနိုင်တဲ့ ရုရှားမှာ သတင်းထောက် လုပ်လို့ မဖြစ်နိုင်တော့ဘူးလို့ ပိတ်လိုက်ရတဲ့ အွန်လိုင်းတီဗီ အယ်ဒီတာ ကပြောပါတယ်။ ဘီဘီစီ၊ CNN နဲ့ တခြားအနောက်တိုင်းမီဒီယာတွေအားလုံးကိုလည်း ရုရှားကပိတ်လိုက်ပါတယ်။
 
– ဗြိတိန်က ကုန်တိုက်ကြီးတချို့က ရုရှားနိုင်ငံက ပစ္စည်းတွေမရောင်းဖို့ ဆုံးဖြတ်လိုက် ပါတယ်။
 
– ယူကရိန်းပါလီမန်က ရုရှားနိုင်ငံ သို့မဟုတ်ရုရှားနိုင်ငံသားပိုင် ပစ္စည်းတွေ ကို တရားဝင် သိမ်းယူခွင့်ပြုလိုက်တယ်၊ ယူကရိန်းအစိုးရက သိမ်းယူမယ့် စာရင်းကို ယူကရိန်း လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ကို တင်ပြပြီး ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော်ပိုင်အဖြစ် လွဲပြောင်းယူနိုင်တယ်။
 
– ယူကရိန်းမှာ မြေပြင်စစ်ပွဲနဲ့ အတူ ဆိုင်ဘာစစ်ပွဲကိုပါ ရင်ဆိုင် နေရတယ်လို့ ယူကရိန်းအစိုးရကပြောတယ်၊ ယူကရိန်းအစိုးရက ယူကရိန်းအိုင်တီစစ်တပ် ဆိုပြီး hacker ၃ သိန်းနီးပါး အကူအညီနဲ့ ရုရှားက ထုတ်တဲ့ သတင်းမှားတွေကို တိုက်ဖျက်နေပြီး ရုရှားနိုင်ငံက ပစ်မှတ်တွေ ကို ဟက်ခ်လုပ်တိုက်ခိုက်နေပါတယ်။ ရုရှားကလည်းယူကရိန်းက အစိုးရဌာနတွေနဲ့ အရာထမ်းတွေကို ပစ်မှတ်ထားပြီး ဟက်ခ် လုပ်နေပါတယ်။
 
– ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေ တတိယအကြိမ်ဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။
 
– နိုင်ငံတကာက တားမြစ်ထားတဲ့ အတွဲလိုက်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေကို ရုရှားကအသုံးပြုတဲ့ အထောက်အထားတွေ့ရတယ်လို့ နေတိုးကပြောပါတယ်။
 
– ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရုရှားတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို စုံစမ်းဖို့ အဆင့်မြင့်ကော်မရှင်တစ်ရပ်ဖွဲ့စည်းရေးကို အဖွဲ့ဝင်နိုင်ငံတွေ က တညီတညွတ်တည်း ထောက်ခံမဲပေးပါတယ်။
 
– အမေရိကန်နိုင်ငံဆီ မတ်လ၁ရက် ၂၀၂၂ ခုနှစ် ကစပြီး ရောက်လာတဲ့ ယူကရိန်းအားလုံး TPS Temporary Protected Status ယာယီနေထိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
 
စစ်ရေးသုံးသပ်ချက်
 
မနေ့က ရုရှားက သိမ်းလိုက်တဲ့ ဆိပ်ကမ်းမြို့ ခါဆွန် နားကို ရုရှားတပ်တွေ ရွှေ့လာနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာန က ခန့်မှန်းတယ်။ ပင်လယ်နက်ထဲမှာရှိတဲ့ ရုရှားရေတပ်သင်္ဘောတွေ ပေါ်က ရေတပ်စစ်သားတွေနဲ့ ကြည်းတပ်စစ်သားတွေ ချိတ်ဆက်ပြီး ကမ်းတက်တိုက်ပွဲလုပ်မယ်လို့ ခန့်မှန်းပါတယ်။ အာဇော ပင်လယ်ထဲက ရုရှားရေတပ်က ကမ်းတက် စစ်ဆင်ရေး တကြိမ်လုပ်ပြီးပါပြီ။
 
ရုရှားနဲ့ ယူကရိန်းစစ်တပ်တွေက ခါဇွန်မြို့ရဲ့ မြောက်ဘက် ပင်လယ်နက်ဆိပ်ကမ်းမြို့ Mikolaev အနီးမှာ တိုက်ပွဲဖြစ်နေပါတယ်၊ ရုရှားက ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒက်စာ Odessa ကို သိမ်းဖို့ ကြိုးစားနေပါတယ်၊ အိုဒက်စာ ကျသွားရင် ယူကရိန်းနိုင်ငံရဲ့ ပင်လယ်ထွက်ပေါက်ပိတ်သွားမှာ ဖြစ်ပါတယ်။ ပင်လယ်နက်ထဲမှာ ရုရှားရေတပ်အခြေစိုက်စခန်းတွေရှိပါတယ်။
 
မြို့တော် ကီယက်ဗ်ဆီ ဦးတည်နေတဲ့ စစ်ယာဥ်တန်းက အခုအထိ မရွေ့သေးတာ ယာဥ်တန်းရဲ့ ထိပ်က ယာဥ်တွေဟာ ယူကရိန်းက တိုက်ခိုက်တာခံရလို့ မရွေ့နိုင်တာလို့ ပင်တဂွန်စစ်ဌာနချုပ်က MSNBC သတင်းဌာနကိုပြောပါတယ်။
 
ရုရှားလွှတ်ထားတဲ့ တပ်အင်အားတဲ့ ၉၀ ရာခိုင်နှုန်းဟာ ယူကရိန်းနိုင်ငံ ထဲမှာရောက်နေပါပြီ၊ ယူကရိန်းက ရုရှားကို ပြန်တိုက်ဖို့ တိုက်လေယာဥ်တွေ အတော်များများရှိနေသေးတယ်လို့ အမေရိကန်ကာကွယ်ရေးက ပြောပါတယ်။
ရုရှားမြေပြင်တပ်တွေက အခုအချိန်အထိ မဟာဗြူဟာကျတဲ့ Chernihiv ချာနီဟိဗ် ကို မသိမ်းနိုင်သေးပါဘူး။ မြို့တော် ကာကိဗ် ကို အနောက်မြောက်ဘက်ကနေ ဝင်ဖို့ ကြိုးစားတဲ့ ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေ ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်တာ ခံလိုက်ရ တာကြောင့် ဒီလမ်းကြောင်းအစား ကီယက်ဗ် ရဲ့ အနောက်ဘက်ကနေ ဝင်ဖို့ စစ်ကြောင်းအသစ်ဖွင့်လိုက်ပါတယ်။ ယူကရိန်းစစ်တပ်က ခန့်မှန်းတာကတော့ တပ်ရင်းတရင်းစာ ( စစ်သားတစ်ထောင်) ရှိတဲ့ ရုရှားစစ်သားတွေ ကီယက်ဗ်မြို့ကို ဝိုင်းဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကီယက်ဗ်ကို ဝိုင်းဖို့ မြို့လယ်နဲ့ အတော်ဝေးတဲ့ မြို့ပတ်လမ်းကနေ ဝင်ရမှာဆိုတော့ မလွယ်လှဘူးလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
 
ဘီဘီစီ လုံခြုံရေး ဆိုင်ရာ သတင်းထောက် Gordon Corera က သူရထားတဲ့ သတင်းတွေအရ ရုရှားထောက်လှမ်းရေး FSB က နှစ်အတန်ကြာကထဲက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အခါမှာ သုံးဖို့ နိုင်ငံ့အဝှမ်း အေဂျင့်တွေ စုဆောင်းဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ကျူးကျော်တိုက်ခိုက်တဲ့အခါမှာ ဒီလူတွေက အရေးကြီးတဲ့ အင်စတီကျူးရှင်းတွေကို သိမ်းပိုက်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မှန်းထားသလို ဖြစ်မလာဘူး။ ဒါကလည်း FSB က သူတို့ရဲ့ မြေအောက်ထောက်လှမ်းရေးလှုပ်ရှားမှုကို အထင်ကြီးတာလည်း ဖြစ်နိုင်သလို ယူကရိန်းတွေ တန်ပြန်ခုခံနိုင်တယ်ဆိုတာကို လျော့တွက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့ဆိုပါတယ်။
 
ယူကရိန်းကို သိမ်းနိုင်ပြီဆိုရင် ရုရှားလက်ထဲကျသွားတဲ့ မြို့တွေမှာ FSB ကနိုင်ငံရေးအာဏာ ယူမှာဖြစ်ပါတယ်။ အဲဒီအခါမှာ ရုရှားဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ ဆန္ဒပြပွဲ ဦးဆောင်သူတွေကို နှိပ်ကွပ်ဖမ်းဆီးတာ တွေအပြင် ဆန့်ကျင်သူတွေကို လူပုံအလယ်မှာ ကွပ်မျက်တာတွေမျိုးတွေအထိ မြင်လာရနိုင်ပါတယ်။ သူသိရသလောက်တော့ ရုရှားအရာကြီးတွေက သူတို့ကိုဆန့်ကျင်သူတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ဖို့ အစီအစဥ်တွေ ဆွဲနေတယ်လို့ ဆိုပါတယ်။
 
ဘီဘီစီမြန်မာပိုင်းဌာနမှူးအငြိမ်းစား ဒေါ်တင်ထားဆွေ စုစည်းတင်ပြသည်။
 
#voiceofmyanmar #VOM #ရုရှား-ယူကရိန်း

Related posts

Leave a Comment

VOM News

FREE
VIEW