ကျင်စန်းကျော့ဂိတ် ပြန်ဖွင့် ၊ ကိုဗစ် စစ်ဆေးမှုတွေ အဆင့်ဆင့်လုပ်ရတဲ့အပြင် အသီးအနှံကိုပါ ပိုးစစ်ဆေးမှု ရှိ

မတ် ၁၃-၂၀၂၂
GG (VOM)
 
ယာယီပိတ်ထားတဲ့ မူဆယ်ကျင်စန်းကျော့နယ်စပ်ဂိတ်ကို တရုတ်ဘက်ကပြန်ဖွင့်ပေးလိုက်တာကြောင့်နှစ်နိုင်ငံ ကုန်သွယ်မှုတွေ ပြန်လုပ်နေပြီလို့ သိရပါတယ်။
 
နယ်စပ်ဂိတ်ကနေ ကုန်သွယ်ခွင့်ပြန်လည်ခွင့်ပြုလိုက်ပေမယ့် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်နဲ့ ဆေးစစ်မှုတွေကတော့ အဆင့်ဆင့်လုပ်ဆောင်ရတာကြောင့် တရုတ်ဘက်ခြမ်းမှာတင် အချိန် ရက်သတ္တပတ်လောက်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
 
” သူတို့သိမှတ်ထားတဲ့နေရာမှာ သက်မှတ်နာရီအတိုင်းပိုးသတ်ဖို့ရပ်နားရမယ်၊နောက်ပြီး ဆေးစစ်ပြီး ဆေးအောင်တဲ့ ကားတွေက အကောက်ခွန်လုပ်ငန်းဆောင်ရွက်ရမယ်၊F ဇုန်မှာ ဆေးထပ်စစ်မယ်၊ပြီးရင်ရောင်း။ရောင်းပြီးကားချိန်း။ပိုးထပ်စစ်။ဆေးအောင်မှပြည်မကြီးထဲ တင်ပို့ခွင့်ရမှာဖြစ်တယ် “လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တဦးကပြောပါတယ်။
 
ဒါ့အပြင် မြန်မာဘက်ကနေတင်ပို့မယ့် အသီးအနှံတွေကိုလည်း ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးမှုတွေရှိတယ်လို့ သိရပါတယ်။
 
” စစ်ဆေးမှုတွေကတော့ ရှိတယ်၊ဒီဘက်က မြန်မာယာဉ်မောင်းတွေဝင်လို့မရဘူး။သူတို့တရုတ်ယာဉ်မောင်းပဲရတယ်။တရုတ်ဘက်ရောက်ရင် အသီးတွေကိုလည်း ပိုးစစ်တယ်လို့ကြားတယ်၊ ရှန်တိန်တွေနဲ့ပဲ ကုန်သွယ်မှုလုပ်နေရတုန်းပဲ။ ဂိတ်ကတော့ မနေ့ကညနေ ၃ နာရီမှာ ပြန်ဖွင့်တာ “လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။
 
နယ်စပ်ဂိတ်ပြန်ဖွင့်ချိန်မှာ အရင်ကတည်းကပိတ်မိနေတဲ့ ကုန်ပစ္စည်းကားတွေကို ဦးစားပေးတင်သွင်းခွင့်ပြုမှာဖြစ်ပေမယ့် တချို့ ဖရဲသခွားတွေမှာ ပျက်စီးပြီး ဆုံးရှုံးမှုတွေရှိနေကြောင်း၊ငရုတ်ကားတွေဆိုရင်လည်း ပြန်လှည့်သွားရတယ်လို့သိရပါတယ်။
 
ကျင်စန်းကျော့ဂိတ်ကို မတ်လ ၂ ရက်နေ့မှာ တရုတ်ဘက်က ယာဉ်မောင်းတဦး ကိုဗစ်ပိုးတွေ့လို့ ရုတ်တရက်ပိတ်ခဲ့တာဖြစ်ပြီး ၁၁ ရက်အကြာမှာ အခုလိုပြန်လည်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
 
မူဆယ် ကျင်စန်းကျော့ဂိတ်ကနေ ဖရဲ ၊သခွား၊ငရုတ်ကိုအများဆုံးတင်ပို့နေပြီး ဆန်၊ ဆန်ကွဲနဲ့ တခြားစိုက်ပျိုးရေးထုတ်ကုန်တွေလည်း တင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ကျင်စန်းကျော့ဂိတ် #ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW