ပခုက္ကူမှာ ရေနစ်သူကို ကယ်ရင်း လူ ၆ ယောက် ရေနစ်သေဆုံး

မတ် ၊ ၂၆ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၃ ရပ်ကွက် ၊ ဧရာဝတီမြစ်အတွင်း ၊ သစ်ဖောင်ဆိပ်နေရာမှာ ၊ အခုလ ၂၅ ရက် ၊ မနေ့က ညနေပိုင်းက မိသားစု ၄ ဦး အပါအဝင် လူ ၆ ယောက် ေရနစ်သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” အမှတ် ၁၅ ရပ်ကွက် ၊ ဆင်ပေါက် ၈ လမ်းမှာနေတဲ့ ရေခဲသေတ္တာ ပြုပြင်ရေး လုပ်ကိုင်သူ ကိုလင်းကျော်နဲ့ သူ့မိန်းမ မခင်မျိုးဦး တို့လင်မယားဟာ သားသမီး ကလေး ၂ ယောက်နဲ့အတူ သစ်ဖောင်ဆိပ်မှာ ရေချိုးကြတယ် ၊ ကလေးနဲ့ အမေ ၂ ယောက် ရေနစ်တာကို ကယ်ရင်း ကလေးနဲ့ အဖေဖြစ်သူပါ ထပ်နစ်တယ် ၊ အဲ့ဒီအချိန်မှာ ကိုလင်းကျော်ဆီမှာ ရေခဲသေတ္တာပြုပြင်ရေး ပညာသင်နေတဲ့ သူ့တပည့် ၂ ယောက်က ဆက်ပြီးကယ်တယ် ၊ အဲ့ဒီ တပည့် ၂ ယောက်စလုံးပါ ရေဆက်နစ်တာပါ ၊ မိသားစု ၄ ယောက်နဲ့ တပည့် ၂ ယောက် ၊ အားလုံး ၆ ယောက် ရေနစ်သေဆုံးတာ ” လို့ အဲ့ဒီ ရေနစ်ရာမှာ ကူညီကယ်ဆယ်ပေးနေတဲ့ ပရဟိတသမား တစ်ယောက်က ပြောပါတယ်။

” အဲ့ဒီ သစ်ဖောင်ဆိပ်နဲ့ တံတားဝန်းကျင်နေရာက နှစ်တိုင်း တပေါင်းတခူး ဆိုရင် ပုံမှန် ဆိုသလို ေရနစ် သေဆုံးတာတွေရှိတယ် ၊ ရာသီဥတု ပူပြင်းတာကြောင့် ရုတ်တရက် ရေဆင်းချိုးတာနဲ့ ရေလမ်းကြောင်း ပြောင်းလဲဖြစ်နေတဲ့အခါ ၊ ရေနစ်တတ်ကြတာ ” လို့ ပခုက္ကူမြို့ခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ရေနစ်သေဆုံးတဲ့ ကိုလင်းကျော် ၊ မခင်မျိုးဦးတို့ မိသားစုဟာ သား ၂ ယောက် ၊ သမီး ၁ ယောက်၊ သားသမီး ၃ ယောက်ရှိတဲ့ မိသားစုဖြစ်ပြီး ကိုလင်းကျော် ၊ မခင်မျိုးဦး တို့နဲ့အတူ သား ၂ ယောက်ပါ ရေနစ်သေဆုံးတာကြောင့် သမီးဖြစ်သူ တစ်ယောက်သာ ကျန်ခဲ့တယ်လို့ အမှတ် ၁၅ ရပ်ကွက်နေ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေခဲသေတ္တာ ပြုပြင်ရေး ပညာသင်ယူနေတဲ့ ရေနစ်သေဆုံးတဲ့ တပည့် ၂ ယောက်ဟာလည်း တစ်ဦးတည်းသော သားတွေဖြစ်ကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ရေနစ်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW