ဖောင်ပြင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးမောင်မောင်လတ်ရဲ့ ပိုင်ဆိုင်မှုအားလုံး​ ချိတ်ပိတ်ခံရ

မတ် ၊ ၂၅-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်လတ် ပိုင်ဆိုင်တဲ့ နေအိမ် အဆောက်အဦးတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေကိုပါ သက်ဆိုင်ရာက မနေ့မတ် ၂၄ ရက် ညနေပိုင်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းချိတ်ပိတ်လိုက်တယ်လို့ ဖောင်းပြင်မြို့ခံတွေဆီက သိရပါတယ်။

” အရပ်ဝတ် လက်နက်ကိုင်ထားတဲ့ သူတွေအပြင် ရဲနဲ့ စစ်သားတွေပါတဲ့ အဖွဲ့က လာရောက် ချိတ်ပိတ် သိမ်းဆည်းသွားတာဖြစ်တယ် ” လို့ ဖောင်းပြင်မြို့ ၊ အင်ကြင်းမြိုင်ရပ်ကွက်သားတဦးကပြောပါတယ်။

ဖောင်းပြင်မြို့နယ် ၊ အမှတ် ၁ မဲဆန္ဒနယ် ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်လတ် ပိုင်ဆိုင်တဲ့ ၊ ဖောင်းပြင်မြို့ ၊ အင်ကြင်းမြိုင်ရပ်ကွက် ၊ အောင်ဆန်း (၁) လမ်းမှာရှိတဲ့ ” ခိုင်ရွှေဝါ ” ကိတ်မုန့်ဖိုနဲ့ မုန့်တိုက် အပါအဝင် ၊ နတ်သျှင်နောင်လမ်းမှာရှိတဲ့ ၂ ထပ်တိုက် ၁ လုံး ၊ ကျွန်းရွှေဝါရပ်ကွက် ၊ တိမ်ကြားမင်းခေါင်လမ်းမှာ ရှိတဲ့ ၂ ထပ်တိုက် ၁ လုံး ၊ ဖောင်းပြင်မြို့မ စည်ပင်သာယာစျေးမှာရှိတဲ့ စျေးဆိုင်ခန်း ၂ ခန်း အပါအဝင် မုံရွာမြို့မှာရှိတဲ့ အောင်ဆုထူးပိုင် ထီဆိုင်တို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်းခံရတာဖြစ်ပါတယ်။

ဦးမောင်မောင်လတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့အဆောက်အဦးတွေ ချိတ်ပိတ် သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး မော်လိုက်ခရိုင် စီမံခန့်ခွဲရေးရုံးအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ” ဖောင်းပြင်မြို့နယ်ထဲက ရေအောက်တောင် နယ်မြေရဲကင်းနဲ့ မိုင်းချောင်း နယ်မြေရဲကင်းစခန်း ၂ ခု ကို ဝင်ရောက်စီးနင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့တွေကို ဦးမောင်မောင်လတ်က ငွေကျပ် သိန်း ၁ ရာကျော် ကူညီထောက်ပံပေးတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တာကြောင့် အခုလို သိမ်းဆည်းရတာ ” လို့ တာဝန်ရှိသူတဦးကပြောပါတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းက ဖောင်းပြင်မြို့နယ် ၊ ရေအောက်တောင်း နယ်မြေရဲကင်းနဲ့ မိုင်းချောင်နယ်မြေရဲကင်းစခန်း ၂ ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ရဲဝန်ထမ်း ၈ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေ ပျောက်ဆုံးခဲ့ရတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှု အဆောက်အဦးတွေ ချိတ်ပိတ်သိမ်းဆည်းခံရတာဟာ ဖောင်းပြင်မြို့နယ်က ဦးမောင်မောင်လတ် တစ်ဦးတည်းမဟုတ်ဘဲ ခင်ဦးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ဝင်းအောင် ၊ မုံရွာမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်အမာကြည် နဲ့ ဒေါ်အောင်ကြည်တို့ရဲ့ အဆောက်အဦးတွေလည်း ချိတ်ပိတ်သိမ်းဆည်းခံထားရတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖောင်းပြင် #ဦးမောက်မောင်လတ် #လွှတ်တော်အမတ် #ပိုင်ဆိုင်မှုချိတ်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW