ဩဂုတ် ၄-၂၀၂၂
GG(VOM)
ပြည်တွင်းရွှေစျေးက ဒီနေ့ဩဂုတ်လ ၄ ရက်နေ့ မှာ အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်းနီးပါးအထိ ရှိလာပြီး အမေရိကန်ဒေါ်လာဈေးကဘတဒေါ်လာကို ၂၇၀၀ ကျပ်အထိ စျေးပေါက်လာတယ်လို့ သိရပါတယ်။
” အခုပြင်ပမှာ ၂၄သိန်း ၇သောင်းကျော်ပေါက်နေတယ်။တချို့ဆိုင်တွေ အဲ့ဒီစျေးထက်များတာလည်းရှိနေတယ် ။ ဒေါ်လာက မနက်တုန်းက ၂၆၀၀ လောက်ပဲ၊ အခုနေ့လယ်တော့၂၇၀၀ ဖြစ်နေတယ်လို့ သိရတယ် ” လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။
၁၆ ပဲရည် အခေါက်ရွှေစျေးက ၂၄သိန်း၇သောင်းကျော်အထိ စံချိန်တင်မြင့်တက်သွားမှုနဲ့အတူ ရွှေဆိုင်အများစုကတော့ အရောင်းအဝယ် ယာယီရပ်ထားတယ်လို့ သိရပြီး ၁၅ ပဲရည်အပြည့် ရွှေကိုသာ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။
” ၁၆ ပဲရည်က အရောင်းရော အဝယ်ရောခဏရပ်ထားပါတယ်။၁၅ ပဲရည်တွေတော့ရပါတယ်။အခေါက်ရွှေကအရင်ကတော့ရောင်းပါတယ်။ အခုက မရောင်းတာပါ။ “လို့ ရန်ကုန်က ရွှေအရောင်းဆိုင်တခုက ပြောပါတယ်။
YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ဒီနေ့သြဂုတ်လ ၄ရက်နေ့ အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးက တကျပ်သားကို 2,063,000
(ကျပ်သိန်း နှစ်ဆယ်ခြောက်သောင်းသုံးထာင်)သာရှိပြီး ကမ္ဘာ့ရွှေဈေး က(World Gold Price)1 Ounce- 1773 USD ဖြစ်ပါတယ်။
YGEA ကသတ်မှတ်တဲ့ ရည်ညွန်းစျေးဟာ ဗဟိုဘဏ်ကသတ်မှတ်တဲ့ တဒေါ်လာ ၁၈၅၀ ကျပ်နဲ့တွက်ချက်တာဖြစ်ပြီး ရွှေဆိုင်တွေကတော့ ပြင်ပဒေါ်လာပေါက်စျေးပေါ်လိုက်ပြီး တွက်ချက်နေတာဖြစ်လို့ စျေးတွေ အဆမတန်ကွာဟနေတာဖြစ်တယ်လို့ YGEA အသင်းတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ အစိုးရပိုင်းတာဝန်ရှိသူတွေကလည်း အခုလိုရွှေစျေးစံချိန်တင်မြင့်တက်လာမှုနဲ့ပတ်သက်ပြီး စျေး ကစားတာနဲ့ စျေးတင်ရောင်းနေတဲ့ ရွှေဆိုင်တွေကို စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူတဦးကတော့ အခုလို ပြည်တွင်း ရွှေစျေးနူန်း စံချိန်တင်မြင့်တက်နေတာဟာ ငွေကြေးချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကစားနေတာဖြစ်ကြောင်း၊ ရွှေစျေးကစားတာကိုထိန်းဖို့ဆိုရင် အစိုးရတာဝန်ရှိတဲ့သူတွေအနေနဲ့ အခွန်ကိုစနစ်တကျကောက်ဖို့လိုအပ်တယ်လို့လည်း အကြံပြု ပြောဆိုထားပါတယ်။
#voiceofmyanmar #VOM #ရွှေဈေး #ဒေါ်လာဈေး #အဆမတန်ပြန်မြင့်တက်