ထိုင်း၀န်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံရတဲ့ ပရာယွတ်ချန်အိုချာ ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်နေ

ဘန်ကောက်၊ သြဂုတ်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ရာထူးသက်တမ်းနဲ့ပတ်သက်ပြီး တရားရုံးက ပြန်လည်သုံးသပ်နေချိန်အတွင်း ၀န်ကြီးချုပ်ရာထူးကနေ ယာယီဆိုင်းငံ့ခံထားရတဲ့ ပရာယွတ်ချန်အိုချာဟာ ကာကွယ်ရေး၀န်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်နေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံနဲ့ ပြည်သူတွေအတွက် ကာကွယ်ရေး၀န်ကြီးအဖြစ် မိမိရဲ့တာ၀န်တွေကို နေ့စဉ်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်တဦးရဲ့ ရာထူးသက်တမ်းကို ရှစ်နှစ်အထိသာကန့်သတ်ထားပါတယ်။ ပရာယွတ်ချန်အိုချာဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီနောက် အာဏာသိမ်းအစိုးရမှ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲကျင်းပပြီး ၀န်ကြီးချုပ်တာ၀န်ဆက်လက်ထမ်းဆောင်ရာမှာ ရှစ်နှစ်သက်တမ်းပြည့်ပြီဖြစ်ကြောင်း ထိုင်းအဓိကအတိုက်အခံပါတီကနေ ဖွဲ့စည်းပုံခုံရုံးကို တင်သွင်းခဲ့ရာ ၀န်ကြီးချုပ်ပရာယွတ်ကို ရာထူးကနေ ယာယီဆိုင်းငံ့ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ Prawit Wongsuwan ဟာ ယာယီ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူနေပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခြင်းမရှိပါဘူး။

Ref: Reuters
Photo: Vietnam Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW