ရှမ်းပြည်တောင်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ၂ နှစ်ဝန်းကျင်ခန့် ရှိနေပြီလို့ သိရ

အောက်တိုဘာ ၂၁ – ၂၀၂၂
SN (VOM)

ကိုဗစ်ကပ်ရောဂါနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ၂ နှစ်ဝန်းကျင်ခန့် ရှိနေပြီလို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်တွေကနေ သိရပါတယ်။

အခု ခရီးသွားရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်မယ်လို့ သက်ဆိုင်ရာက ပြောဆိုမှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်တောင်ပိုင်း ခရီးသွားလုပ်ငန်း အခြေအနေတွေက လတ်တလောမှာတော့ ဖြစ်နိုင်ချေမရှိသေးဘူးလို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ဘယ်အရာကိုကြည့်ပြီး ခရီးသွားလုပ်ငန်း ပြန်စနိုင်မယ်လို့ ပြောလဲမသိပါဘူး။ တကယ်က ခရီးသွားလုပ်ငန်းက ရပ်ဆိုင်းနေတာပါ။ အခု ခရီးသည်ဝင်ရောက်မှုက ၁၀၀ မှာ၂၀ ရာခိုင်နှုန်း​လောက်ပဲရှိတယ်။ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် မလာကြတာပါ” လို့ သူက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းတွေဟာ လတ်တလော အခြေအနေတွေကြောင့် ရပ်တန့်လုနီးပါးဖြစ်နေကာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်းတွေကစလို့ သုံးဘီးမောင်းသူ၊ ဒေသထွက်ကုန် ရောင်းချသူတွေအဆုံး ဒုက္ခရောက်ကြရပြီး တချို့မှာ နယ်စပ်ဒေသနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေကြရတယ်လို့ သူက ပြောပါတယ်။

“ခရီးသွားတွေအပေါ် တင်းကျပ်မှုတွေ၊ အချက်အလက်ပေးရတာတွေက သိပ်အဆင်မပြေတာပါ။ ဒေသခံ ဧည့်လမ်းညွှန်တွေဆို ရရာအလုပ် လုပ်ကိုင်စားသောက်နေရတာ” လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းအခြေအနေဟာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်မယ့် အလားလာကောင်းတွေ ရှိနေတယ်လို့ နစကက ပြောဆိုထားပြီး အခုနှစ် မတ်လမှာ ခရီးသွားလုပ်ငန်းတွေကို ပြန်ဖွင့်ပေးခဲ့တာပါ။

ဒါပေမယ့် လက်ရှိ ပြည်တွင်းခရီးသွားလာမှု အခြေအ‌နေကတော့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ထင်သလောက် ခရီးမပေါက်နိုင်သေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူကတဦးက ပြောပါတယ်။

“လုံခြုံရေးအနေအထားတွေ မတည်ငြိမ်တဲ့ နယ်မြေအနေအထားတွေကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ မလာရဲကြတာ။ တောင်ကြီး​၊ ကလောဆို ပြင်ပမြို့နယ်တွေ လည်ပတ်လို့မရဘူး။ အင်းလေးကန်နဲ့ ညောင်ရွှေမြို့ပေါ် ဖောင်တော်ဦးဘုရားအထိပဲ ခွင့်ပြုတယ်။ သွားလို့ ရ၊မရဆိုတာ တရားဝင် ထုတ်ပြန်တာတော့မဟုတ်ဘူး။ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက နှုတ်မိန့်နဲ့ပြောတာ။ ဒါတွေအပေါ်အခြေခံပြီး ခရီးစဥ်တွေ ရေးဆွဲနေရတာပါ” လို့ သူက ပြောပါတယ်။

ဟိုတယ်နှင့် ခရီးသွားသွားလာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ၄ ဒသမ ၈ သန်းကျော်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်း ပြန်ဖွင့်ပေးပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်ကနေ ဩဂုတ် ၁၄ ရက်အထိ ၄ လအတွင်းမှာတော့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုဟာ ၂ သောင်းကျော်သာရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခရီးသွားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW