လှည်းကူးက ဒါးပိန်ပန်းပုရွာကို ခရီးသွားနေရာသစ် ဖော်ဆောင်မယ်

အောက်တိုဘာ ၂၆ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ပန်းပုလုပ်ငန်းရှင် အများအပြားနေထိုင်ရာ ဒါးပိန် ပန်းပုကျေးရွာကို ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လည်ပတ်လေ့လာစရာ ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါးပိန်ကျေးရွာမှာ ပန်းပုလုပ်ငန်းရှင်ဦးရေ ၁၀၀ ကျော်ခန့်နဲ့ ပန်းပုအလုပ်ရုံပေါင်း ၅၀ ခန့် ရှိနေပြီး အဲ့ဒီ ကျေးရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်နိုင်မယ်ဆိုရင် ပန်းပုလုပ်ငန်းတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်း မြင်တွေ့ခွင့် ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီ ဒါးပိန်ရွာကို ခရီးသွားနေရာ ဖော်ဆောင်ဖို့ ခရီးသွားအေဂျင်စီတွေက စီစဉ်နေတယ်လို့သိရပါတယ်။ သူက တစ်ရွာလုံးက ပန်းပုလုပ်ငန်းလုပ်ကြတာကိုး။ အရင်ကတည်းက ခရီးသည်တွေကို သွားရောက်ပြသဖူးတာတွေရှိတယ်။ အဲ့ဒီ့အပေါ်မှာလည်း စိတ်ဝင်စားမှု ရှိကြတယ်။ ဒါကြောင့်မို့လို့ ဖော်ဆောင်မယ်ဆိုရင်တော့ ရန်ကုန်နဲ့လည်း မဝေးတော့ အင်မတန်မှကို ကောင်းမွန်ပါတယ်။ ဖော်ဆောင်သင့်တဲ့ စီမံကိန်းတစ်ခုပါ”လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

လက်ရှိမှာ ဒါးပိန်ကျေးရွာကို ခရီးသွားနေရာသစ်အဖြစ် သတ်မှတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးရဲ့ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွေဆီကို တင်ပြထားတယ်လို့ သိရပါတယ်။

“အခုက သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်တွေဆီကို တင်ပြထားဆဲ အခြေအနေပဲ ရှိပါသေးတယ်။ ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေတာတွေထဲက တစ်ခုပါ”လို့ ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလို ဒါးပိန်ကျေးရွာကို ရန်ကုန်တိုင်းအတွင်း ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်နိုင်မယ်ဆိုရင် ပြည်တွင်းခရီးသွားတွေထက် ပြည်ပခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်မယ့် နေရာတစ်ခုဖြစ်လာနိုင်တယ်လို့လည်း ဦးနောင်းနောင်းဟန်က ပြောပါတယ်။

“ပန်းပုနဲ့ပတ်သက်လို့ တန်ဖိုးထားတဲ့သူက ပြည်တွင်းမှာ နည်းနည်း နည်းသလိုဖြစ်နေတယ်။ နိုင်ငံခြားသားတွေကတော့ ပန်းပုတွေ ပန်းချီတွေနဲ့ပတ်သက်လို့ သူတို့က ပိုပြီးတော့ ခံစားလွယ်တယ်။ လက်ရာတွေရဲ့ တန်ဖိုးကလည်း နိုင်ငံခြားသားတွေအနေနဲ့ လက်လှမ်းမီနိုင်တဲ့ အနေအထားဖြစ်တယ်။ အဲ့ဒါကြောင့် ပြည်ပနိုင်ငံခြားသားကို ပိုပြီးတော့ ရည်မှန်းချက်ထားသင့်တယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ပြည်တွင်းကလူတွေပါ လက်လှမ်းမီနိုင်တဲ့ ပန်းပုလက်ရာတွေကိုလည်း ပြုလုပ်သင့်တယ်” လို့ သူက ပြောပါတယ်။

အရင်က ဒါးပိန်ကျေးရွာကို ခရီးသွားတွေအနေနဲ့ မိမိတို့အစီအစဉ်နဲ့ လာရောက်လည်ပတ်တာတွေ ရှိခဲ့ပေမယ့် ရန်ကုန်တိုင်းရဲ့ ခရီးသွားနေရာသစ်အဖြစ်တော့ သတ်မှတ်ထားတာ မရှိသေးပါဘူး။

Photo – ဒါးပိန် ပန်းပုကျေးရွာ
#voiceofmyanmar #VOM #ဒါးပိန် #ပန်းးပုရွာ #ခရီးသွားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW