CNG ဆိုင်တွေရဲ့ အခက်အခဲကြောင့် YBS ယာဉ်တွေ အပြည့်အဝ ပြေးဆွဲမပေးနိုင်သေး

အောက်တိုဘာ ၂၇ – ၂၀၂၂
SN (VOM)

CNG ဆိုင်တွေမှာ ဂတ်စ် တန်းစီစောင့်ဆိုင်းနေရတာအပြင် အခြားအခက်အခဲတွေကြောင့် လက်ရှိမှာ YBS ယာဉ်လိုင်းတွေ အပြည့်အဝ ပြေးဆွဲမပေးနိုင်သေးဘူး ဖြစ်နေတယ်လို့ Omni Focus ကုမ္ပဏီလီမိတက်ကနေ သိရပါတယ်။

“ယာဉ်လိုင်းမှာ ခရီးသည်တွေအဆင်ပြေဖို့ လုံလောက်တဲ့ ယာဉ်အစီးရေအင်အားရှိတယ်။ ဒါပေမယ့် အဲ့ဒီ ယာဉ်အစီးရေအတိုင်း ကျွန်တော်တို့မထွက်နိုင်ဘူး။ ဘာဖြစ်လို့ မထွက်နိုင်လဲဆိုတော့ CNG ဆိုင်တွေမှာ အခက်အခဲဖြစ်နေလို့။ တန်းစီရတာကြာတယ်၊ မီးပျက်တယ်၊ CNG pressure မပြည့်ဘူး။ ပြီးတော့ CNG ဆိုင်တွေမှာ တချို့လူမိုက်၊ လူရမ်းကားတွေရဲ့ မိုက်ကြေးခွဲတာ ကြုံရသေးတယ်။ အဲ့ဒီ့လို မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် ကြန့်ကြာမှုတွေ ဖြစ်နေတာပေါ့” လို့ Omni Focus ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ပုံမှန်ပြေးဆွဲနေတဲ့ ယာဉ်အစီးရေ ၁၈၀ ဝန်းကျင်ထက် ယာဉ်အစီးရေ အများဆုံး ၁၂၀ လောက်သာ ပြေးဆွဲပေးနေရတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ အရင်က ယာဉ်အစီးရေ ၁၈၀ ဝန်းကျင်လောက် ထွက်တယ်ဆိုရင် အခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ယာဉ်အစီးရေ ၁၀၀ နဲ့ ၁၂၀ ဝန်းကျင်လောက်ပဲထွက်နိုင်တယ်။ ခရီးသည်တွေ လမ်းမှာကြန့်ကြာနေတယ်၊ စောင့်ဆိုင်းရမှုတွေ များနေတယ်ဆိုတာကို ဖြေရှင်းနိုင်ဖို့ ယာဉ်အစီးရေတွေ တိုးချဲ့ပြေးဆွဲဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကားအတွက်လိုအပ်တဲ့အပိုပစ္စည်း ဝယ်ရတာတို့၊ CNG ရရှိမှုအခက်အခဲတွေ ဖြစ်နေတာတို့ ဒါမျိုးတွေတော့ ကြုံတွေ့နေရတာပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ လစဉ် ယာဉ်လိုင်းအလိုက် ယာဉ်အစီးရေတွေကို တိုးချဲ့ပြေးဆွဲသွားနိုင်ဖို့ကို စီမံချက်တွေနဲ့ လုပ်ဆောင်နေပါတယ်” လို့ သူက ပြောပါတယ်။

အဲ့ဒီ့လို YBS ယာဉ်လိုင်းတွေ ပြေးဆွဲမှုနည်းပါနေတာကြောင့် ခရီးသည်တွေအနေနဲ့ ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ယာဉ်ရှားပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“လိုင်းကားက စောင့်ရတာလည်းကြာတယ်။ လာတော့လည်း လူအပြည့်၊ ကြပ်ညပ်နေတာပဲ။ လမ်းမှာလည်းတောက်လျှောက် ကားပေါ်တက်တဲ့သူပဲများတယ်၊ အဆင်းနည်းတယ်။ မှတ်တိုင်တိုင်းလိုလိုမှာလည်း လိုင်းကားစောင့်နေတဲ့သူတွေက ဒီရက်ပိုင်း ပိုတောင်များလာသေးတယ်” လို့ YBS စီးခရီးသည်တဦးက ပြောပါတယ်။

ရန်ကုန်မြို့အတွင်းမှာ ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်းက ယာဉ်အစီးရေ ၃၀၃၇ စီး ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၁ သိန်းဝန်းကျင်ကို နေ့စဉ် ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်စီးခနှုန်းထားကိုလည်း ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ်၊ ခရီးစဉ်အစအဆုံး ၃၀၀ ကျပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကောက်ခံခွင့်ပြုထားတယ်လို့ သိရပါတယ်။

Photo-Omni Focus
#voiceofmyanmar #VOM #ရန်ကုန် #YBS

Related posts

Leave a Comment

VOM News

FREE
VIEW