လွိုင်ကော်မှာ လက်နက်ကြီးကျလို့ နေအိမ် တလုံး မီးလောင်၊ မိသားစုဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိ

နိုဝင်ဘာ ၅- ၂၀၂၂
Shy V(VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပိန်းချစ် ကျေးရွာအုပ်စုက ကုန်းဆွတ်ရွာမှာ မနေ့ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက နေအိမ် တအိမ်ပေါ် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ် မီးလောင်သွားတဲ့အပြင် ကလေးငယ် အပါအဝင် မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“နောက်ဆုံး ကျည်တလုံးက အဲဒီ အိမခပေါ် တည့်တည့်ကျတာ။ အိမ်မီးလောင်သွားတယ်။ အဲဒီ လောင်သွားတဲ့ အိမ်က မိသားစုဝင်တွေပဲ ထိသွားတာ။ ၄ ယောက်ထိတယ်။”လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။

နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ဖြစ်ပွားတာဖြစ်ပြီး လက်နက်ကြီး ၅ လုံး အဲဒီရွာမှာ ကျခဲ့တာ နောက်ဆုံး တလုံးက လူထိပြီး ကျန်တဲ့ အလုံးတွေတော့ လူကို မထိဘဲ နေအိမ် အဆောက်အဦတွေကို ထိခိုက်တာရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက် ဒဏ်ရာရရှိသွားတဲ့ မိသားစုဝင်တွေကတော့ အသက် ၅၄ နှစ်ရှိ ဒေါ်နန်းမွန်မှာ လည်ပင်းရှပ်ထိ ဒဏ်ရာ၊ အသက် ၃၀ နှစ်ရှိ ဒေါ်လှရွှေမှာ ဘယ်ဘက်မျက်လုံး ထိမှန်ဒဏ်ရာ၊ အသက် ၃၃ နှစ်ရှိ ဦးဒေးဗစ်နဲ့ အသက် ၂ နှစ်ခန့် ကလေးငယ်တို့က ဦီးခေါင်းထိမှန် ဒဏ်ရာ အသီးသီးရကြတယ်လို့ ပါဝင်ကူညီခဲ့သူ တဦးက ပြောပါတယ်။

“၂ နှစ်သား သမီးက လက်နက်ကြီးစ ခေါင်းမှာ စိုက်နေတာတွေ့တယ်။”လို့ သူက ရှင်းပြပါတယ်။

လက်ရှိ ထိခိုက် ဒဏ်ရာရသူတွေကို ရွှေလွိုင်ကော် ပရဟိတ္တအသင်းက လွိုင်ကော် ပြည်သူ့ဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးထားတယ်လို့ အဲဒီပရဟိတ အဖွဲ့ ဝင် တဦးက ပြောပါတယ်။

“လူနာတွေက လွယ်ကော်ဆေးရုံ ပို့ထားပေးတယ်ဗျ။” လို့ သူက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ ကုန်းဆွတ်ရွာဘက်ကို ဦးတည်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီလို လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဒေသခံတွေအနေနဲ့ စပါး ရိတ်သိမ်းတာတွေ၊ လယ်၊ ယာ၊ ခြံ တွေထဲ သွားရောက် အလုပ်လုပ်ဖို့ အန္တရယ်ကိုစိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စိတ်တော့ မချရဘူးပေါ့။ တိုက်ပွဲ မဖြစ်လည်း လက်နက်ကြီးက ပစ်နေတာ ဆိုတော့ အန္တရာယ်တော့ ရှိတာပေါ့နော်။ ဒီနေ့လည်း တိုက်ပွဲ မဖြစ်ဘဲနဲ့ ဖြစ်သွားတာ။” လို့ ‌နောက်ထပ် ဒေသခံတဦးက ရှင်းပြပါတယ်။

အဲဒီဘက်မှာတော့ တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ကြီးတွေ တောက်လျှောက် ပစ်ခတ်နေတာတွေရှိပြီး ရှေ့ရက်တွေကလည်း မြို့အနီးနားက ရွာတွေမှာလည်း တိုက်ပွဲ မဖြစ်ဘဲနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ထိခိုက် ဒဏ်ရာရကြသူတွေ များခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့ အတွင်းမှာလည်း လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ကုန်းဆွတ်ရွာက နေအိမ် ၅ လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး လင်ဖုံကြီးရွာမှာလည်း ကိုယ်ဝန်သည်တဦးနဲ့ အမျိုးသား ၃ ဦး သေဆုံးခဲ့သေးတယ်လို့ ‌သိရပါတယ်။

ကယားပြည်နယ်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နေ့ကစ ‌၂၀၂၂ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်ရေး၊ နိုင်ငံရေးကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၂၈၀ ကျော် ရှိကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #လွိုင်ကော်

Related posts

Leave a Comment

VOM News

FREE
VIEW