စစ်တွေမှာ ပြန်ပေးဆွဲ‌ ငွေတောင်းပြီး လူသတ်မှုဖြစ်ပွား

နိုဝင်ဘာ ၁၀- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အမည်မသိအဖွဲ့တဖွဲ့က ပြန်ပေးဆွဲကာ ငွေတောင်းပြီး လူသတ်မှုတခုဖြစ်ပွားကြောင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၁၀ ရဲ့နေ့မှာ ပျောက်ဆုံးနေသူရဲ့ အလောင်းကိုတွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ပြန်ပေးဆွဲဖမ်းဆီးခံရသူဟာ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်က အသက် (၃၀) ကျော်အရွယ် ဦးဇော်သူရထွန်း ဖြစ်ပြီး ပျောက်ဆုံးနေတာ ၃ ရက်လောက်ရှိပြီဖြစ်ကြောင်းနဲ့ မနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ အမည်မသိအဖွဲ့တခုက သူ့ကို သိန်း ၅၀ နဲ့ ရွေးဖို့ ဖုန်းဆက်လာတယ်လို့ မိသားစုက ပြောပါတယ်။

“သိန်းငါးဆယ်ပေးရင် အရှင်ရမယ်။ သိန်းငါးဆယ်မပေးရင် အလောင်းကိုပဲ ရမယ်လို့ ပြောပါတယ်။ ပြန်ပေးဆွဲသူတွေက ဒီနေ့မနက် ၁၀ နာရီလောက်မှာ ဖုန်းဆက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဖုန်းမဆက်လာဘဲ အလောင်းကိုပဲ ရပါတယ်”လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဆက်လက်ပြီး သူဟာ နိုဝင်ဘာလ ၇ ရက်နေ့က စစ်တွေ့မြို့ အဓိဌာန်ကျောင်းတိုက်မှာ ရဟန်းခံထားတဲ့ ရဟန်းတပါးဖြစ်ပြီး စိတ်မနှံ့သူဖြစ်တယ်လို့ မိသားစုကပြောပါတယ်။

ဦးဇော်သူရထွန်းရဲ့ အလောင်းကို စစ်တွေမြို့၊ လမ်းမတော်မြောက်ချောင်း အနောက်ဘက်ကမ်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ ရေနစ်ပြီးသေတာဖြစ်ကြောင်းပြောတယ်လို့ အလောင်းကိုဆေးရုံပို့ဆောင်ခဲ့တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။

သေဆုံးသူမှာ ဒဏ်ရာတွေမတွေ့ရဘဲ လက်ရှိမှာ စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ ဒီလိုမျိုး လူတဦးကိုဖမ်းဆီး ပြန်ပေးဆွဲငွေတောင်းခံပြီး အသတ်ခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့မ အမှတ် ၂ ရဲစခန်းမှာ မိသားစုက လူပျောက်တိုင်တန်းထားကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ အဆက်အသွယ်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Photo-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW