ပခုက္ကူ မတုတ်မ လက်ဖက်ဆိုင်ရှင်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

နိုဝင်ဘာ ၊ ၁၀ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဝိပဿနာလမ်းမှာရှိတဲ့ မတုတ်မလက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ ဆိုင်ရှင်ဖြစ်သူကို ဒီကနေ့မနက် ၇ နာရီဝန်းကျင်က စျေးဝယ်ယောင်ဆောင်သူ ၃ ဦးက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” အောင်ဆင်မင်း ၊ မတုတ်မ လက်ဖက်ချဥ်စပ်နဲ့ ခုနှစ်ထွေကြော် အရောင်းဆိုင်ပိုင်ရှင် ဗိုလ်မှူး ကတော်ဖြစ်သူကို စျေးဝယ်လာတဲ့ လူ ၃ ဦးက သေနတ်နဲ့ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊ ဖမ်းဆီးခံရသူက ဗိုလ်မှူး သူရိန်ထွန်းရဲ့ မိန်းမ မဟန်နွေဦးလို့ သိရတယ် ၊ အခုတော့ သူတို့ဆိုင်ဘက်မှာ လုံခြုံရေးအဖွဲ့တွေရောက်နေတာ ” လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က

” အမျိုးသား နှစ်ဦး နဲ့ အမျိုးသမီး တ ဦးက ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာပြီး စျေးဝယ်ဟန်ဆောင်ကာ ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ ၊ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ် ” လို့ ပြောပါတယ်။

” ဆိုင်ရှင်ကိုဖမ်းသွားတဲ့ သူ ၃ ဦးစလုံးက သေနတ်အတိုတွေ ကိုယ်စီပါတယ် ၊ သေနတ်နဲ့ထောက်ပြီး ဖမ်းသွားတာပါ ၊ ဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာလည်း မသိရဘူး ” လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

ပခုက္ကူမြို့ပေါ်မှာနေထိုင်တဲ့ ဝန်ထမ်းမိသားစုတချို့ဟာ အမည်မသိ လက်နက်ကိုင်ထားသူတွေရဲ့ ဖမ်းဆီးတာ ၊ သတ်ဖြတ်တာကို ခံနေရပြီး ပြီးခဲ့တဲ့ နွေရာသီကလည်း ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ဗိုလ်ချုပ်လမ်းမှာနေတဲ့ ဒုရဲအုပ်တစ်ယောက်ရဲ့ အမေဖြစ်သူနဲ့ အစ်ကိုဖြစ်သူဟာနေအိမ်မှာ ရှိနေတဲ့အချိန် အမည်မသိ လက်နက်ကိုင်ထားသူတွေက ဝင်ရောက်ပစ်သတ်ခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရွှေတန့်တစ်ဘက် အထည်စက်ရုံက စက်ရုံမှူး ဗိုလ်မှူး လင်မယားကိုလည်း အလားတူ ဝင်ရောက် ပစ်သတ်တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ၊နဂါးတွင်းကျေးရွာမှာနေတဲ့ စစ်တပ်အရာရှိ တယောက်ရဲ့ မိသားစု ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #အောင်ဆင်မင်းလက်ဖက်

Related posts

Leave a Comment

VOM News

FREE
VIEW