ရင်ကပ်သရဖီ..၊ ကင်ပွန်းခြုံကွယ် နှင့် ပျို့ဇာတိနွယ်

ဆူးငှက်

ညို့ညို့ဆိုင်းဆိုင်း၊
မှိုင်းပြာရီ မှောင်တန်းတော့
တိမ်ခိုးလေးတွေ ဘေးကယှက်လို့
တောင်တန်းတစ်ဖက် တစ်ချက်
ဝန်းကာရံကာပင်
လွမ်းစရာ့ စံရာတစ်ခွင်
သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။
သနားစရာ ကမ်းပါးအစ၊
ရင်ခတ်သရဖီ
အခွေအခွေပင် . . . ။
ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊
ပုံတော်အစစ်ကို မြင်ရတော့
သခင်မ၊ ယခင်ဘ၀ . . .
အသက်မရှည်လေခြင်း . . .
ကျေးဇူးရှင်ရယ် နညိုနု၊
ရွှေလိုရှု . . .
မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။

(နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း)

မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့ အကောင်းဆုံးနေရာကို ပြပါဆိုလျှင် သခင်မတောင်တော်ကိုပင် ညွန်းဆိုရပေမည်။ တချို့ကလည်း မယ်ဥတောင်ဟုခေါ်ဆိုကြ၏။ မန္တလေးမြောက်ဘက် ရှစ်မိုင်အကွာ ကြာနီကန်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ရေမြေကလည်း အလွမ်းရေမြေ . . .။ ပုဂံခေတ်၏ ကိုရင်မောင် မရွှေဥအလွမ်း ဇာတ်သန္ဓေတည်ရှိရာ ရေမြေ . . .” ပတ်ဝန်းကျင် အနေအထားကလည်း . . . ရိုးမရှိ၏။ လယ်တောရှိ၏။ ဗြီဇင်၊တောသဇင်၊တောစံပယ်ပန်းလေးများ ရှိ၏။ တန်ခူးကာလရောက်လျှင် ပင်လုံကျွတ်မျှ ပွင့်တတ်သော သရဖီပင်ဝိုင်းရှိ၏။ မင်းလေး၏ စီးတော်ကျားတွင်းရှိ၏။ သစ်ရွက်ခြောက်လေးတွေသာ ရှပ်တိုက်ပြေးနေသော စောင်းတန်းအိုးလေးလည်း ရှိ၏။ စောင်းတန်းအတက်စမှာ ဦးခန္တီကောင်းမှု အာရုံခံသံ ဇရပ်ကြီးက လူသူကင်းမဲ့ ငိုက်မျဉ်းနေတတ်ချေသေးသည်။ သို့သော် ဓားကိုယ်စီဖြင့် ရွှေဖျဉ်းညီနောင်က ကျားကိုယ်စီ စီးလျက် မာန်ဝံ့နေသေး၏။ ခပ်လှမ်းလှမ်း အင်ကျယ်ရွာဆီမှ သီချင်းသံသဲ့သဲ့ ကြားနေရချေသည်။ ပြန်ဆိုတေးတစ်ပုဒ်ကို ဖွင့်နေသော ၆ ဗို့ဘက်ထရီသုံး ကက်ဆက်တစ်လုံးမှ ဖြစ်မှာပေါ့ . . .။

အခုတော့ တန်ခူးလ ပန်းကောက်ပွဲ၊ ကဆုန်လ ဆင်ရွာကြီး ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်လ ကျောက်တော်ကြီးပွဲမှ အစ . . . ပွဲလမ်းအလှူအတန်းရှိလျှင် မလေးရှား ပလေကတ်က ပွဲလည်းတိုး၊ အဝတ်လည်း ခံသည်။ အိမ်မှာနေရင်း . . .၊ ယာထွန်ရင်း . . .၊ ပခုက္ကူထည်၊ ဝမ်းတွင်းထည်ကို နှမ်းပေါ်ပေး၊ ပဲပေါ်ပေးနှင့် ရနိုင်သည်။

လွန်ခဲ့သော နှစ်တစ်ရာကျော် ကာလများတော့ သည်နေရာမှာ အိမ်ရှေ့ကိုယ်တော်ကြီး ရဲမက်တွေ မင်းကိုယ်စီနှင့် ဟန်ရေးတပြပြဖြစ်နေမှာ မြင်ယောင်သည်။ “ယောက်ဖ၊မပေး” စသည်ဖြင့် ရင်းနှီးစွာ စပြောင်ကြရင်း မြင်းရေး ပြိုင်ကြမည်။ လက်လှဲအားစည်းကြမည်။ ဓားရေးပြကြမည်။ နပန်းပွဲကြမည်။ ငယ်ကျိုးငယ်နာဖော်ကာ နောက်ကြပြောင်ကြမည်။ သြော် ထန်းရည်ကလေးကလည်း မူးနေကြပေသကိုး…။

xxx xxx xxx

ဟို..တောင်ပေါ်ရိုးဆီက မြူခိုးတွေလွင်..၊
မိုးရွာမယ်မထင်မိပါလို့
ပါလာတဲ့ရှာတဘက်ကလေး..ခေါင်းပေါ်တင်မိပြန်ရင်
သည်းသည်းမဲမဲရွာပြန်တော့
ကညာလေးပျို ကင်ပွန်းခြုံကွယ်နဘေး..
ဝင်သွားရှာပြီ မင်းဂံဘုတ်ရွာသူများဩ၊
အသားတော်လေးဝင်း..လို့
ဝါဝါရီရွှင်..ကြည်ကြည်လင်လင်ဩ၊
သခင်မတောင်တော်ဟု ဆိုလျှင်ဖြင့်၊ မန္တလေးသားတွေ ပြေးမြင်မိကြသည်မှာ အိမ်ရှေ့မင်း ထိန်းတောပဲဖြစ်ပါသည်။ သခင်မတောင်ခြေအရှေ့ဘက်က ပိန်းပိတ်ညိုမှောင်နေသော ထန်းတောကြီးကား မန္တလေးအနီး ပတ်ဝန်းကျင်ရှိ ထန်းတောပေါင်းမြောက်မြားစွာ အနက်၊ အကောင်းဆုံး ထန်းရည်များ ထွက်ရာ ထန်းတောကြီးဖြစ်သည်။ ထို ထန်းတောကြီးမှာ နန်းတော်ရှေ့ဆရာတင်လည်း ခြေရာထပ်မျှ့စပ်ခဲ့သည်။ သူ၏ နာမည်ကျော် “မင်းဂံဘုတ်”သီချင်းကို အိမ်ရှေ့မင်းထန်းတောမှာ မွေးဖွားခဲ့သည် မဟုတ်လား။

ချောင်းဘောင်မှာဖြတ်လာရှာတဲ့
ပတပ်ကလေး နီကျင်ကျင်ရယ်
လွယ်ကြိုးရှည်နဲ့သွယ်ဩ၊
သြော်..ငယ်မူကိုမဖျောက်နိုင်ဘု
ပျော်လောက်ဖွယ်မယ်ရင်ရယ်..

လွမ်းပါဘိတယ်..၊
ပျို့ဇာတိနွယ်ပျိုတို့ဇာတိနွယ်ဩ.
“ဇာတိနွယ်”ဟုခေါ်သော “လက်ရည်တစ်ပြင်တည်း သီချင်းထဲမှ “ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါကွယ် ၊ လမ်းစဉ်၊ လမ်းဆက်၊ လမ်းမျက်စိတောင်မှ လည်ပါတယ်မောင်ရယ်” ဟူသော စာသားကလည်း အိမ်ရှေ့မင်းထန်းတောမြင်ကွင်းနှင့် မမြရင်ဇာတိ ရွှေဖလားကန်ရွာက
ထန်းတောများ၏မြင်ကွင်းတွေက ပေါက်ဖွားလာ သည် မဟုတ်လော။

ဆရာတင့် သီချင်းသြဇာကြောင့် မန္တလေးသားမှန်လျှင် သခင်မတောင်နှင့် အိမ်ရှေ့မင်းထန်းတောသို့ ရောက်ဖူးကြသည်ချည်းဖြစ်သည်။ သင်္ကြန်တွင်းလို အခါသမယမှာတော့ အိမ်ရှေ့မင်းထန်းတောမှာ သင်္ကြန်ပျော် ဂျစ်ကားတွေ ဥဒဟို ရောက်တတ်ကြသည်။

တကယ်တော့ မန္တလေး၏ အလှဆုံးနေရာကိုပြပါဆိုလျှင် သခင်မတောင်တော် ၊ အိမ်ရှေ့မင်းထန်းတော အင်ကျယ်ရွာနှင့် ချောင်းမကြီးဝန်းကျင်ကို ပြရပေမည်။ သမိုင်းအရ၊ ဒဏ္ဍာရီအရ၊တောတောင်ရေမြေရှုခင်းအရ၊ သစ်ပင် သစ်တော အရ၊ မန္တလေးနှင့် အလှမ်းမဝေးသည့် နေရာအရ အကောင်းဆုံးနေရာလည်းဖြစ်သည်။ ရတနာပုံခေတ်မှသည် ၁၉၈၈၀န်းကျင်အထိ မြို့၏ အထွတ်အမြတ် အသည်းစွဲနေရာဖြစ်ခဲ့သည်။ ထို့ပြင် နာမည်ကျော် ကြာနီကန် ဆရာတော်ကြီး သီတင်းသုံးရာ ကြာနီကန်ရွာကြောင့်လည်း ထင်ရှား၏။

အခုတော့ “မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်” ဟု ဆိုသည့်အတိုင်း နာရေးကိစ္စအတွက် အေးရိပ်ငြိမ် သုသာန်များဆီ မကြာမကြာရောက်ဖြစ်ကြသော်လည်း သံဝေဂရဖွယ် ထိုနေရာများဆီမှ လွမ်းမောစရာ သခင်မတောင်တော်နှင့် ညို့ညို့ဆိုင်းဆိုင်း မှိုင်းပြာရီမှောင်သန်းသော အိမ်ရှေ့မင်းထန်တောကြီး ရှိနေသည် ဆိုတာကို ဘယ်သူမှ သတိရမိကြမှာ မဟုတ်။

နန်းတော်ရှေ့ ဆရာတင်ကပင် ဤသို့ဆိုခဲ့ဖူးသည် မဟုတ်လော . . .။

“ပင်စုံမြိုင်နန်း၊
ပန်းကရမက်တွေက ဝေေ၀လွင်လွင်၊
မစုံသူတွေရောက်ကြလျှင်

ဝမ်းသာသလိုလို၊ဝမ်းနည်းချင်သလိုလို
ငိုချင်သလောက်ပင်၊
မုန်းချင်စိတ်နာပါတယ်ဩ၊
လိပ်ပြာတောင် ငယ်သေးပါတယ်..
အဝေးကမမြင်ချင်၊
သြာ်ဩသြော်..ဗြိဇင်… .
တောင်သဇင် တောစံပယ်ပန်းကလေးက
ဘေးအကျ မွှေးလှတယ်ရှင်၊
ကျေးဇူးရှင် မပျိုဥရဲ့ တောင်တော်အဝင် . . . ” တဲ့။

#voiceofmyanmar #VOM #ကောလင်း #တရားသူကြီး #ပါဆယ်ဗုံးပေါက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW