အခွန်တိုးမြှင့်ကောက်ခံမယ့် သတင်းကြောင့် ဆေးဝါးဈေးတွေ ထပ်တက်လာနိုင်

နိုဝင်ဘာ ၂၄ – ၂၀၂၂
SN (VOM)

အခွန်တိုးမြှင့်ကောက်ခံမယ့် သတင်းကြောင့် ပြည်တွင်း ဆေးဝါးစျေးကွက်အတွင်း ပြည်ပက တင်သွင်းလာတဲ့ ဆေးဝါးတွေ ဈေးထပ်တက်နိုင်ချေရှိတယ်လို့ ဆေးဝါးတင်သွင်း ရောင်းချသူတွေဆီက သိရပါတယ်။

ဈေးကွက်အတွင်း လက်ရှိမှာ ဆေးဝါးအမယ်မျိုးစုံဟာ အမျိုးအစားပေါ်မူတည်ပြီး ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကြား စျေးအမြင့်ပိုင်းမှာ ရှိနေတာဖြစ်ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ အခွန်ကင်းလွတ်ခွင့် ပြုထားတဲ့ ဆေးဝါးတွေမှအပ ဆေးဝါး ၂၁ မျိုးကို အခွန် ၅ ရာခိုင်နှုန်း၊ ကျန်ဆေးဝါးတွေကို ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားတာကြောင့် ဈေးကွက်အတွင်း ဆေးဝါးဈေးတွေဟာ အရင်ထက် ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ဆေးဝါးတင်သွင်း ရောင်းချသူတွေက ခန့်မှန်းထားပါတယ်။

“ပြည်ပကတင်သွင်းမယ့် ဆေးတွေကတော့ အခွန်တိုးမြှင့်ကောက်ခံမယ့် သတင်းကြောင့် ဈေးဆက်တက်လာနိုင်တယ်။ အခုတောင် ဈေးက‌တက်နေတာလေ။ ဒေါ်လာဈေးကလည်း ၃၀၀၀ အောက် ပြန်ရောက်နေတယ် ဆိုပေမယ့် ဟိုးအရင် အကျဈေးကို မထိသေးဘူး ဆိုတော့ ဒေါ်လာဈေးကလည်း ကျတယ်လို့ ပြောလို့ မရသေးဘူး။ အခုလည်း အခွန်သတင်းကထွက်လာပြီဆိုတော့ ဈေးက ဟိုအရင်လို ပြန်ကျဖို့ကို မျှော်လင့်လို့မရသေးဘူး။ ဒီ့ထက် ထပ်တက်လာဖို့ပဲ ရှိတယ်” လို့ ဆေးဝါးရောင်းချသူတဦးက ပြောပါတယ်။

လက်ရှိ အခွန်ကောက်ခံခြင်းကနေ ကင်းလွတ်ခွင့်ပြုထားတဲ့ ဆေးဝါး ၁၈ မျိုးထဲမှာ အက်စ်ပရင်ဆေးပြား၊ ပါရာစီတမောလ်၊ ဒိုင်ရာဇီပင်၊ ဓာတ်ဆားရည် အစရှိတဲ့ ဆေးဝါးတွေ ပါဝင်ပြီး အဓိက သုံးစွဲမှုများပြားတဲ့ ဆေးဝါးတွေတော့ မပါရှိပါဘူး။

ဌာနကနေ ၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် ကောက်ခံမယ့် ဆေးဝါးတွေထဲမှာတော့ ဗီတာမင် B 1+ B 6 + B 12 ၊ အမောက်ဆလင်၊ အက်စကိုးဘစ်အက်ဆစ်၊ ဆိုဒီယမ်ကလိုရိုက် စတဲ့ ဆေးဝါး ၂၁ မျိုး ပါဝင်ပြီး ကျန်ဆေးဝါးတွေကိုတော့ အကောက်ခွန် ၁ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အရင်တုန်းက တက်ထရာဆိုက်ကလင်း ၁၀ လုံးတကတ်ကိုမှ ၃၀၀ ပဲရှိတယ်။ အခု ၅၀၀ ဖြစ်နေပြီ။ အော်ရာမင်း-ဂျီ ဆိုရင်လည်း အရင်က ၅ လုံးပါတကတ်ကို ၁၀၀၀ ၊ အခု ၃၄၀၀ ။ ဒါတောင် ဒီဈေးက ၄၀၀၀ ကနေ နည်းနည်းပြန်ကျသွားတဲ့ဈေး။ ဓာတ်ဆား ဆိုရင်လည်း တထုပ်ကို အရင်က ၁၀၀/၁၅၀ ပဲရှိတာ၊ အခု ၁၀၀၀ ကျော်ဖြစ်နေတယ်။ ဈေးတွေက နည်းနည်းချင်းစီ တက်တာမဟုတ်ဘူး၊ အဆမတန်ကွာပြီး ခုန်တက်သွားတာ။ အခုလည်း အခွန်ကောက်မယ့်သတင်းကြောင့် ထပ်တက်ဦးမယ်ဆိုတော့ ကျွန်တော်တို့တတွေကတော့ ခံပြီးရင်းခံဘက်ကပဲ” လို့ ပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်ပကတင်သွင်းပြီး နှစ်ရှည်စွဲသောက်ရတဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုဆေးဝါးတွေ၊ အကျိုးပြု ဘက်တီးရီးယား ဆေးဝါးတွေမှာလည်း အရင်လို စျေးနှုန်းပုံသေ သတ်မှတ်ခြင်းမျိုး မရှိတော့ဘဲ ဒေါ်လာတန်ဖိုး အတက်အကျကိုလိုက်ပြီး ဈေးနှုန်းတွက်ချက် ဝယ်ယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဒေါ်လာစျေး မြင့်တက်မှုကြောင့် ဆေးဝါးတင်သွင်းသူတွေ အနေနဲ့ ပြည်ပကနေ ဆေးဝါးတင်သွင်းနိုင်မှု မရှိခဲ့တဲ့အတွက် ပြည်တွင်းမှာဆေးဝါးစျေးနှုန်းတွေ မြင့်တက်ခဲ့လို့ အဲ့ဒီ့အချိန်က ဆေးဆိုင်တွေမှာ နာရီနဲ့ချီပြီး တန်းစီကာ ဆေးဝယ်ယူရမှုတွေလည်း ရှိခဲ့ပါတယ်။

အခုလို ပြည်တွင်းမှာ ဆေးဝါးဈေးတွေ မြင့်တက်နေပြီး ပြည်သူတွေ အခက်ကြုံနေရပေမယ့် နစကကတော့ သီရိလင်္ကာနိုင်ငံအတွက် ဆေးနဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်း ဒေါ်လာ ၁ ဒသမ ၄၈ သန်းဖိုးကို နိုဝင်ဘာ ၂၁ ရက်နေ့က ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ဆေးဝါးဈေးတက်လာနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW