မြန်မာ – အိန္ဒိယနယ်စပ်မှာ ငွေလွှဲလုပ်ကိုင်သူ ၁ ဦး ပစ်သတ်ခံရပြီး ရူပီးငွေ သုံးသိန်းကျော် လုယက်ခံရ

နိုဝင်ဘာ ၂၅ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ် ၊ မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာ မနေ့ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ တဦး အသတ်ခံရပြီး ပိုက်ဆံတွေ လုယူသွားတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီခွဲဝန်းကျင်မှာ ကိုရာဂျူးဆိုသူက ငွေလွှဲပိုက်ဆံတွေနဲ့ တမူးကနေ နန်းဖာလုံဘက်ကို ပြန်သွားတယ် ၊ အိမ်ပြန်ရောက်မလာပဲ လမ်းမှာပျောက်နေတာဖြစ်တယ် ၊ ဒီကနေ့ မနက်ပိုင်းမှာ ကိုရာဂျူးရဲ့ ရုပ်အလောင်းကို ကျွန်းပင်ကုန်းနားမှာ တွေ့ရပြီး ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် ” လို့ တမူးမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ တွေ့ရတယ်ဆိုတဲ့ ကိုရာဂျူရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ တမူးပြည်သူ့ဆေးရုံမှာ စစ်ဆေးပြီးနောက် နေအိမ်ရှိရာကို သူ့ရဲ့ မိသားစုဝင်တွေက ပြန်လည်သယ်ယူသွားပြီဖြစ်တယ်လို့ တမူးဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

အဲ့ဒီ လူသတ်လုယက်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ တမူးခရိုင်လုံခြုံရေးအဖွဲ့နဲ နီးစပ်သူတယောက်က” ပစ္စည်းတွေလုယူပြီး အသတ်ခံရတဲ့သူက ကိုရာဂျူး ၂၇ နှစ် ဆိုသူဖြစ်တယ် ၊ သူက လူပျိုလူလွတ်ဖြစ်ပြီး မိဘနဲ့အတူနေဖြစ်တယ် ၊ မနေ့က ညနေပိုင်းမှာ တမူးကနေ ရူပီးငွေ သုံးသိန်း ငါးသောင်း ယူဆောင်ပြီး နန်းဖာလုံဘက်ကို ဆိုင်ကယ်နဲ့ အပြန် လမ်းမှာ လုယက် သတ်ဖြတ်ခံရတာဖြစ်တယ် ၊ သူစီးသွားတဲ့ ဆိုင်ကယ် ၁ စီး ၊ သူကိုင်တဲ့ ဖုန်း ၁ လုံး နဲ့ ရူပီးငွေ သုံးသိန်းကျော် မြန်မာငွေ သိန်းတစ်ရာကျော်မယ် ပါသွားတယ် ၊ ဒီမနက်မှာ သူ့အလောင်းတွေ့ရတယ် ၊ ပစ်သတ်ခံရတာလို့ ကနဦး ယူဆထားတယ် ၊ အလောင်းဝန်းကျင်မှာ ကျည်ဆံခွံ ၃ ခုတွေ့ရတယ်”လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်လုယက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး တမူးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ ညကလည်း စစ်ကိုင်းတိုင်း ၊ တမူးမြို့၊ စန္ဒကူးရပ်ကွက်မှာ နေတဲ့ နယ်စပ်ကုန်သည် တဦးရဲ့နေအိမ် ဓားပြတိုက် လုယက်ခံရပြီး ၊ ပိုက်ဆံ ၈ သိန်းကျော်နဲ့ ရွှေအလေးချိန် ၁၀ သား ပါသွားခဲ့ပါသေးတယ်။

ပုံစာ – သေဆုံးသူ ကိုရာဂျူး
Photo -တမူးမြို့ခံ ပရဟိတသမား တဦး
#voiceofmyanmar #VOM #တမူး

Related posts

Leave a Comment

VOM News

FREE
VIEW