ရခိုင်ပြည် သာယာငြိမ်းချမ်းရေး အမှန်တကယ်ရှေးရှုကြပြီလား

နိုဝင်ဘာ ၂၇-၂၀၂၂
SW (VOM)

လက်ရှိ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်တဲ့ကာလမှာ နိုင်ငံတဝန်းပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြမှုများစွာနဲ့ ရှင်သန်နေကြရတာနည်းတူ ရခိုင်ပြည်သူတွေဟာလည်း နေ့စဉ်နဲ့အမျှ မိမိတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရချိန် တဖက်မှာလည်း တပ်နဲ့ အေအေကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်လိုက်ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်နဲ့ အေအေတို့ကြား တကျော့ပြန် စစ်ရေးပဋိပက္ခရပ်တွေ နှစ်ဖက်ဆွေးနွေးပြီး အပစ်ရပ်လိုက်တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး မြေပြင်မှာ နှစ်ဖက်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိတော့ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်ပြောနိုင်တာကတော့ အေအေနဲ့ ညှိနှိုင်းဆွေးနွေးမှုများရှိပါတယ်။ လွန်ခဲ့တဲ့ လေးရက်လောက်ကစပြီး မြေပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ဘယ်သူတွေနဲ့ ဆွေးနွေးလဲဆိုတာလည်း ပြောလို့မရပါဘူး။ သဘောတော့တူပြီးသား အဲ့ဒါလည်း တရားဝင်ကျနော်ပြောလို့ မရဘူး”လို့ ​ပြောပါတယ်။

အဲဒီလို ရခိုင်ပြည်နယ်အတွင်း တပ်နဲ့ အေအေတို့ အပစ်ရပ်လိုက်တာနဲ့ ပတ်သက်လို့ အေအေဘက်ကလည်း အတည်ပြုပြောဆိုပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲကြတာလို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“လောလောဆယ်မှာတော့ ရခိုင်ပြည်သူတွေအတွက် အဓိကအခြေခံကျတဲ့ စားနပ်ရိက္ခာ စပါးရိတ်သိမ်းတဲ့ရာသီမှာ ရခိုင်ပြည်သူတွေအတွက် စဉ်းစားပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အလွတ်သဘော သဘောတူထားတာဖြစ်ပါတယ်။ သဘောတူညီချက်ကတော့ ဒီနေ့ကစပြီး ၂၄ နာရီအတွင်မှာ ပစ်ခတ်မှုတွေကို ရပ်စဲထားမယ်။ အချိန်အတိုင်းအတာကတော့ အကန့်အသတ်မရှိပါဘူး။ ကျနော်တို့ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်နေ့လောက်ကနေ တင်းမာမှုတွေလျော့ချရေး ဆွေးနွေးနေတာဖြစ်ပါတယ်။” လို့ ခိုင်သုခကပြောပါတယ်။

ဒီလို အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုပေမယ့် အေအေအနေနဲ့ မူလနိုင်ငံရေးရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြောင်းလဲမှုတစုံတရာမရှိကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုတွေကိုတော့ ကြားခံလူတွေကတဆင့် ညှိနှိုင်းခဲ့ကြတာလို့ အေအေပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

အခုလို လူသားချင်းစာနာမှုဆိုင်ရာအပစ်ရပ်လိုက်တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ဖြစ်တဲ့အတွက် ကြိုဆိုကြောင်းနဲ့ နိုင်ငံရေးကို နိုင်ငံရေးအားဖြင့် စားပွဲပေါ်မှာ ဖြေရှင်းစေလိုကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

သူပြောတာက “ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်နေတာကို မတွေးရဲ မမြင်ရဲတဲ့ အခြေအနေဖြစ်နေပါတယ်။ အဲဒီတော့ အပစ်အခတ်ရပ်လိုက်ခြင်းအားဖြင့် လမ်းပန်းဆက်သွယ်ရေးတွေလည်း ဖွင့်ပေးရမယ့် အခြေအနေရှိနေတယ်။ ဒါက သွားလာခွင့်ပိတ်ပင်မယ်ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၃ နဲ့လည်း ငြိတယ်။ လမ်းတွေသာ ပြန်ဖွင့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့လည်း စားဝတ်နေရေးအဆင်ပြေကြမယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

လက်ရှိမြေပြင်အနေအထားမှာဆိုရင်လည်း တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပစ်ခတ်သံတွေကို မကြားရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာအနီးမှာ တပ်စစ်ကား ၂ စီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက်ပိုင်း လက်နက်ကြီး အန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့လည်း လက်ရှိမှာ ကျေးရွာကို မပြန်ကြသေးဘဲ အခြေအနေကို ကြည့်နေကြရတယ်လို့ ပြောပါတယ်။

ဆင်အင်းကြီးဒေသခံ တဦးက “ ရွာကိုက သွားလိုက် ပြန်လာလိုက်ပါပဲ။ ကိုယ်အိမ်မှာ ကိုယ်တော့ မအိပ်ရဲသေးဘူး။ စပါးတွေဘာတွေရိတ်ပြီး ရွာအပြင်မှာ အိပ်ကြတယ်။ မအိပ်ရဲကြတဲ့လူတွေကတော့ ဘေးပတ်ဝန်းကျင်က ရွာတွေမှာ မှီခိုပြီး အိပ်ကြရတယ်။ အခုလည်း အပစ်ရပ်လိုက်ကြတယ်လို့ ကြားပါတယ်။ ပစ်သံတွေတော့ မကြားရတော့ဘူး။ ဒါပေမယ့် ဦးလေးတို့အနေနဲ့ ကြာကြာခံမယ်မထင်ပါဘူး” လို့ ပြောပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ဘက်မှာလည်း ပစ်ခတ်တွေမကြားရကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့မှာတော့ ပစ်ခတ်သံတွေမကြားရဘူး။ ငြိမ်နေကြတယ်” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း လွန်ခဲ့တဲ့ ၇ ရက်လောက်ကနေ ဒီကနေ့အထိ ပစ်ခတ်သံတွေရပ်တန့်သွားကြောင်း စစ်ဘေးရှောင်အမျိုးသမီး တဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသခ စေတီပြင်စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတဦးက “ စားဝတ်နေရေးက အရမ်းအခက်အခဲ ဖြစ်နေကြပါပြီး။ အလုပ်အကိုင်းလည်းမရှိဘဲ အခက်အခဲ ဖြစ်နေကြပါပြီ။ အပစ်အခတ်ရပ်စဲလိုက်တဲ့အပေါ် ပြောချင်တာကတော့ သူတို့မှာ ၂ လ ၃ လလောက်အပစ်ရပ်ပြီး စားနပ်ရိက္ခာတွေစုမယ်။ လက်နက်ခဲယမ်းတွေဖြည့်မယ်။ ကျမတို့ ဘယ်လောက်ပဲ အပစ်ခတ်ရပ်စဲပါစေ ပြည်သူလူထု စစ်ဘေးရှောင်တွေဘဝကတော့ ဘယ်သောအခါမှ အေးချမ်းနိုင်မယ်လို့ မျှော်လင့်ချက်မရှိတော့ပါဘူး” လို့ ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း စစ်တပ်က နိုင်ငံတော်အာဏာကို ရယူချိန်ကစလို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ခဲ့ကြသလို အေအေကိုလည်း နစက က အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစလို့ အေအေနဲ့ တပ်ကြား ဒေသတွင်း နိုင်ငံရေး၊ စစ်ရေးအားပြန်မှုတွေကြောင့် တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ဒုတိယပတ်ကစလို့ ရန်ကုန်- စစ်တွေကားလမ်းကို သွားလာခွင့် ကန့်သတ်ခံထားရတာ ဖြစ်ပါတယ်။

လက်ရှိ နိုဝင်ဘာလအတွင်း ရခိုင်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေး၊ သက်ကြီးရွယ်အိုတွေနဲ့ ကျား၊ မ အပါအဝင် သေဆုံဒဏ်ရာရရှိသူ ၅၀ ထက်မနည်းရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအတော်များများမှာ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရပါတယ်။

တပ်နဲ့ အေအေတို့ကြား အခုလို လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲမှုဟာ ဘယ်လောက်ထိ ခိုင်မာမလဲဆိုတာ လူတိုင်း မေးခွန်းထုတ်နေကြပြီး ပြည်သူတွေအနေနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #အပစ်အခတ်ရပ်စဲရေး

Related posts

Leave a Comment

VOM News

FREE
VIEW