မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အလုပ်နဲ့ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံရ

နိုဝင်ဘာ၊၂၈-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ မြောင်းမြမြို့က NLD ပါတီရဲ့ယခင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်က အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ သူ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးဝေလင်းအောင်မှာ တိမ်းရှောင်နေရင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်က ကရင်ပြည်နယ် ၊လေးကေ့ ကော်မြို့သစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သူ့ကို ၁၁ လအကြာစစ်ဆေးပြီး ဒီကနေ့ မြဝတီခရိုင် တရားရုံးကနေ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချမှတ်လိုက်တာလို့ ပြောပါတယ်။

“ဦးဝေလင်းအောင်ကို ဒီကနေ့ အမိန့်ချလိုက်တာပါ ၊
သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့က ထောင်ဒဏ် ၄ နှစ်၊ ၅၀ (က) နဲ့ကထောင်ဒဏ် ၁၁ နှစ် ၊ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၁ နှစ် အဲဒီပုဒ်မ သုံးခုအတွက်က ၂၆ နှစ်နဲ့ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ- ၁၂၂ (က) အတွက်က ၂၀ နှစ်တဲ့ ဒါပေမယ့် တရားရုံးက တစ်ပေါင်းထဲ ကျခံစေလို့ အမိန့်ချတဲ့အတွက် စုစုပေါင်း ၄၆ နှစ်အစား ၂၆ နှစ်ပဲ ဖြစ်သွားတာပါ ၊ အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ်ပါ ၊ သူက သူ့အတွက် စိတ်မပူဖို့ပြောတယ် ၊ စိတ်ထဲတော့ ဘယ်ကောင်းမလဲ ၊ အထဲမှာ နေဖူးတဲ့သူတွေကသိတယ် ၊ သူဘယ်လောက် အဆင်ပြေတယ်ပြောပြောလေ ။”လို့ သူကပြောပါတယ်။

ဦးဝေလင်းအောင်ဟာ အသက် ၃၀ ကျော်အရွယ်သာ ရှိသေးတဲ့ လူငယ်တဦးဖြစ်ပြီး လက်ရှိမှာ မြဝတီရဲစခန်း အချုပ်မှာ ချုပ်နှောင်ထားဆဲဖြစ်ပြီး သူ့ကိုကျန်းမာရေး အတွက်မိသားစုတွေက စိတ်ပူးနေတယ်လို့ သိရပါတယ်။

”ဆရာက မြဝတီရဲစခန်းရဲ့ အချုပ် ခန်းမှာပဲရှိနေတယ် ၊ ဘယ်ကို ပို့မလည်းမသိဘူး ၊ မိသားစုက တော်တော်စိတ် ပူနေတယ်၊ ဘယ်ထောင်ပို့မှာလည်းဆိုတာရယ်၊ အမှုများ ထပ်တိုးမလားဆိုပြီးတော့ရယ် ၊ ကျန်းမာရေး အတွက်ရယ် ပါ ၊ ဆရာက တကယ့် သတ္တိရှိ ရဲရင့်သူပါ ၊ ဒီကနေ့အထိ အဆင်ပြေတယ် ဘာမှမဖြစ်ဆိုတာကြီးပဲ”လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ NLDရဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် တဦး အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ် ခံရတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ

Related posts

Leave a Comment

VOM News

FREE
VIEW